စာရေးသူတို့ နေထိုင်ရာ မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်တစ်ဝှမ်းမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ် နေရာတွေ အများကြီး ရှိပါတယ်။ အာရှနိုင်ငံ တော်တော်များများမှာ မတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေ ၊ ကြီးကျယ်ခမ်းနားတဲ့ နောက်ခံသမိုင်းကြောင်းတွေနဲ့ ရှေးအကျဆုံး အမွေအနှစ်နေရာတွေများစွာ တည်ရှိနေတာကြောင့်ပဲ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ စိတ်ဝင်စားမှု အများဆုံး ရရှိထားတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခရီးသွား ချစ်သူတွေအတွက် အာရှ တလွှားက စိတ်ဝင်စားဖို့ အကောင်းဆုံး နေရာ တွေဆီ ခေါ်သွားပေးပါမယ်။
(၁) Hoi An Town, Vietnam

Photo : Asia Tours
ဗီယက်နမ်နိုင်ငံကို သွားလည်တဲ့အခါ Hoi An မြို့ဟောင်းကိုတော့ မရောက်ရောက်အောင် သွားသင့်ပါတယ်။ ဒီမြို့လေးက ၁၅ ရာစုကနေ ၁၉ ရာစုအတွင်း အရှေ့တောင်အာရှရဲ့ အကျော်ကြားဆုံး ကုန်သွယ်ဆိပ်ကမ်းမြို့တစ်ခုအဖြစ် ထင်ရှားခဲ့ပါတယ်။ ထူးခြားတာတစ်ခုက ဒီမြို့လေးက အိမ်တွေ ၊ ဆိုင်တွေ အကုန်လုံးမှာ ရောင်စုံမီးပုံးလေးတွေ ထောင်နဲ့ချီ ချိတ်ဆွဲထားတာပါ။ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုဖြစ်တဲ့ Hoi An မြို့မှာ ဗီယက်နမ်လူမျိုးတွေရဲ့ ရှေးအကျဆုံး ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနိုင်မှာဖြစ်သလို အရသာရှိတဲ့ အစားအစာတွေကို မြည်းစမ်းနိုင်ပြီး လှပတဲ့ ကမ်းခြေမှာ အပန်းဖြေနိုင်မယ့် အခွင့်အရေးလည်း ရှိပါတယ်။
(၂) Inle Lake, Myanmar

Photo : Asia Tours
မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေကန်ကြီးဖြစ်တဲ့ အင်းလေးကန်ကတော့ နိုင်ငံတွင်းက ခရီးသွားချစ်သူတွေတင်မကပဲ ကမ္ဘာလှည့်ခရီးတွေကိုပါ ဆွဲဆောင်နေတဲ့ မှော်ဆန်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ အင်းလေးကန်ဟာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အလယ်ပိုင်းမှာ တည်ရှိပြီး ကန်ရဲ့ အကျယ်အဝန်းကတော့ အရှည် ၂၂ ကီလိုမီတာနဲ့ အကျယ် ၁၁ ကီလိုမီတာ ရှိပါတယ်။ အင်းလေးကန်ရေပြင်ထက်မှာ ရွာပေါင်း ၁၇ ရွာ နီးပါးတည်ရှိနေပြီး ဒေသတွင်း ရေပေါ်စားသောက်ဆိုင်တွေ ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ဘုရားကျောင်းဆောင်နဲ့ စေတီပုထိုးပေါင်းများစွာ တည်ရှိနေပါတယ်။ ခြေထောက်နဲ့လှေလှော်ကြတဲ့ အင်းသားတွေရဲ့ ရိုးရာဓလေ့ဟာလည်း ကမ္ဘာလှည့်ခရီးတွေအတွက်တော့ အင်မတန်မှ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
(၃) Vigan, The Philippines

Photo : Asia Tours
ဒီမြို့လေးကတော့ ဖိလစ်ပိုင်နိုင်ငံအတွင်းက UNESCO ကမ္ဘာ့အမွေအနှစ် နေရာတစ်ခု ဖြစ်ပါတယ်။ Ilocos Sur ပြည်နယ်မှာ တည်ရှိပြီး ရှေးအကျဆုံးသော ကိုလိုနီခေတ် အဆောက်အအုံတွေ ၊ ဘုရားကျောင်းတွေနဲ့ ခမ်းနားကြီးကျယ်လှတဲ့ စပိန်ခေတ် ဗိသုကာလက်ရာတွေကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ Vigan မြို့အတွင်းမှာ လည်ပတ်စရာ သမိုင်းဝင်နေရာတွေ အရမ်းကို များပြီး ကိုလိုနီခေတ်ရဲ့ ခေတ်ဟောင်းအငွေ့အသက်တွေ တကြော့ပြန် ခံစားနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ ဒေသထွက် စားစရာတွေကလည်း Vigan မြို့ကို လာရောက်လည်ပတ်ကြသူတွေအတွက် စိတ်ဝင်စားစရာ ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။
(၄) Luang Prabang, Laos

Photo : Asia Tours
လာအိုနိုင်ငံမြောက်ပိုင်းက UNESCO ကမ္ဘာ့အမွေအနှစ် နေရာ တစ်ခုဖြစ်တဲ့ လွမ်ပရာဘန်းရှေးဟောင်းမြို့တော်ကလည်း ကမ္ဘာ့လှည့်ခရီးသွားတွေကြားမှာ အင်မတန်ရေပန်းစားပါတယ်။ မြို့တော် ဗီယင်ကျန်းကနေ လေယာဉ်နဲ့ ဖြစ်စေ ဘတ်စ်ကားနဲ့ဖြစ်စေ ဒီမြို့လေးကို သွားရောက်နိုင်ပါတယ်။ ဒီမြို့လေးဟာ မဲခေါင်မြစ်နဲ့ နမ့်ခမ်းမြစ်တို့ ဆုံရာမှာလျက်တည်ရှိပြီး Wat Xieng Thong ၊ Wat Aham နဲ့ Wat Souvannapoumaram တို့လို အထွတ်အမြတ်ထားရာ ဘုရားကျောင်းတွေ ၊ ပြင်သစ်ကိုလိုနီခေတ် ဗိသုကာလက်ရာတွေ ၊ လာအိုလူမျိုးတို့ရဲ့ ရှေးအကျဆုံး ရိုးရာ ယဉ်ကျေးမှု သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာ မြို့တစ်မြို့ ဖြစ်ပါတယ်။
Source : Asia Tours
Featured Photo : Vinpearl
