Gym ကစားတဲ့ သူတွေ ၊ အားကစားသမားတွေ အနေနဲ့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ ကြွက်သားတွေ ပြန်လည်ပြေလျော့သက်သာစေဖို့ Post-Workout အစီအစဉ်တွေကို လုပ်ကြရပါတယ်။ အများစုကတော့ လေ့ကျင့်ခန်း အပြန်းအထန် လုပ်ပြီးကြချိန်မှာ ရေခဲအပြည့်ထည့်ထားတဲ့ ကန်ထဲ Ice Bath လုပ်ခြင်းဖြင့် ကြွက်သားနာကျင်မှုတွေ ၊ ကြွက်သားတင်းကြပ်မှုတွေကို ဖြေလျှော့ကြပါတယ်။ မကြာသေးမီ ရေပန်းစားလာတာကတော့ အအေးကုထုံး Ice Bath နဲ့ ဆန့်ကျင်ဘက် အပူကုထုံး Steam Bath လုပ်တာဟာလည်း အားကစားသမားတွေအတွက် အတော်လေး ထိရောက်မှုရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ရေနွေးငွေ့နဲ့ ရေချိုးခြင်းလို့ နားလည်လွယ်အောင် အဓိပ္ပါယ်ဖွင့်ဆိုရမယ့် Post-Workout Steam Bath လုပ်ခြင်းဟာ အားကစား လုပ်သူတွေ ၊ Gym ကစားသူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးကောင်းတွေ ရစေမလဲဆိုတာ ဒီဆောင်းပါလေးမှာ ဆက်လက်လေ့လာ ကြည့်ရအောင်ပါ။

(၁) ကြွက်သားတင်းမာမှုတွေကို သက်သာစေတယ်

Steam Bath

Photo : My Sauna World

Steam Bath လုပ်ခြင်းရဲ့ ကောင်းကျိုးတွေထဲက တစ်ခုကတော့ ကြွက်သားတင်းမာမှုတွေကို ပြေလျော့ သက်သာစေတာပါ။ Journal of Clinical Medicine Research ရဲ့ ဖော်ပြချက်အရ Steam Bath လုပ်တာဟာ လေ့ကျင့်ခန်း အပြင်းအထန် လုပ်ထားခြင်းကြောင့် ဖြစ်ပေါ်လာတက်တဲ့ ကြွက်သားတွေရဲ့ တင်းမာမှုနဲ့ နာကျင်မှု ဝေဒနာတွေကို လျော့ပါးသက်သာစေပြီး ကြွက်သားတွေကို ကောင်းစွာပြန်လည် အနားရစေတယ်လို့ ဆိုပါတယ်။

(၂) အရိုးအဆစ်တွေရဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးစေတယ်

Steam Bath

Photo : Redwood Outdoors

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ကြပြီဆိုရင် ကြွက်သားနဲ့ အရိုးအဆစ်တွေ အပေါ် ဖိအားသက်ရောက်ပြီး နာကျင်ကိုက်ခဲမှုတွေကို ခံစားတက်ကြတာ သဘာဝပါပဲ။ ဒီလို နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ Steam Bath လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်ပြီးချိန် ရေနွေးငွေ့နဲ့ ရေချိုးလိုက်မယ်ဆိုရင် အရိုးအဆစ်တွေရဲ့ ကိုက်ခဲမှု ၊ ရောင်ရမ်းမှုတွေကို လျှော့ချပေးပြီး ကြွက်သားနဲ့ အရိုးအဆစ်တွေ တစ်ဝိုက်က တင်းကြပ်မှုတွေကို ပြေလျော့သက်သာစေတဲ့ အပြင် အရိုးအဆစ်တွေရဲ့ လှုပ်ရှားနိုင်စွမ်းကိုပါ တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

(၃) နှလုံးကျန်းမာရေးကို ကောင်းစေတယ်

Steam Bath

Photo : Hard To Kill Fitness

Steam Bath လုပ်တာက နှလုံးကျန်းမာရေးနဲ့ နှလုံးသွေးကြောစနစ်ကို များစွာအထောက်အကူ ပြုပါတယ်။ သုတေသန ပြုချက်တွေအရ ရေနွေးငွေ့နဲ့ ရေချိုးတဲ့အခါမှာ အဓိကအားဖြင့် ခန္ဓာကိုယ်အပူချိန်ကို မြှင့်တင်ပေးတဲ့အတွက် သွေးကြောတွေကို ကျယ်စေပြီး သွေးကြောတွေဆီ အောက်ဆီဂျင်များများ ပိုရစေတာကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုစနစ်ကို ပိုမိုကောင်းမွန်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေနွေးငွေ့နဲ့ ရေချိုးတာဟာ သွေးပေါင်ချိန်ကိုလည်း လျော့ချပေးပြီး နှလုံးရဲ့ ညှစ်အားကို မြှင့်တင်ပေးတဲ့အတွက် နှလုံးကျန်းမာရေးကို တိုက်ရိုက် အကျိုးပြုပေးနေတာပဲ ဖြစ်ပါတယ်။

(၄) စိတ်ငြိမ်သက် အေးချမ်းမှုကို ရစေတယ်

Steam Bath
Photo : Starpool

ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေတင်မကပဲ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကိုပါ Steam Bath လုပ်ခြင်းကနေ ရရှိနိုင်ပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ ခံစားရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ရေနွေးငွေ့နဲ့ ရေချိုးဖြင့် ဖြေလျှော့နိုင်မှာဖြစ်ပြီး Endorphins ‌ဟော်မုန်းတွေကို ပိုမိုထုတ်လွှတ်ပေးတဲ့အတွက် အာရုံကြောတွေနဲ့ စိတ်ရဲ့တည်ငြိမ်အေးချမ်းမှုတွေကို တိုးစေကာ ၊ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေပြီး စိတ်ရောကိုယ်ပါ ကောင်းစွာ အနားရစေကာ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်သွားစေဖို့ကိုလည်း ကူညီပေးမှာပဲ ဖြစ်ပါတယ်။

Source : BeautyHub.PH

Featured Photo : My Sauna World