ရုပ်ရှင်ချစ်သူတွေအတွက် ကြည့်စရာ ကားကောင်းတွေအကြောင်း ညွှန်းရင် ကုန်စရာတောင် ရှိမှာ မဟုတ်ပါဘူး။ ရုပ်ရှင်အမျိုးအစားအလိုက် ကိုယ်ကြိုက်ရာ စွဲကြည့်မယ်ဆိုရင်တောင် ကြည့်စရာရုပ်ရှင်တွေက ရာထောင်မက များလှပါတယ်။ ဒီထဲကမှ မကြည့်ဖြစ်ခဲ့ရင် ကြည့်ဖို့ ရုပ်ရှင်ချစ်ကွီးတို့ကို ပြန်ညွှန်းချင်တဲ့ ဇာတ်ကားတချို့အကြောင်း တင်ဆက်ပေးလိုကရပါတယ်။
(၁) Encanto
Photo: CBR
၂၀၂၂ အကယ်ဒမီဆုပေးပွဲမှာ ရုပ်ရှင်ဆု ၃ ဆုအတွက် ဆန်ကာတင်စာရင်းဝင်တဲ့ အန်နီမေးရှင်းကားလေးပါ။ Disney ရဲ့ လက်ရာ အန်နီမေးရှင်းကားလေးဖြစ်ပြီး ဒီနှစ် အော်စကာစာရင်းမှာ Best Animated Featured Film ၊ Best Original Score နဲ့ Best Original Song သုံးဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက ကြေညာခံထားရတဲ့ ကားလေး ဖြစ်ပါတယ်။
Disney Princess မင်းသမီးသစ် Mirabel လေးရဲ့ ဇာတ်ရုပ်ကို ရုပ်ရှင်ချစ်ပရိသတ်တို့ ခံစားကြည့်ဖို့ ညွှန်းချင်ပါတယ်။ နောက်တစ်ခုက ဒီရုပ်ရှင်ရဲ့ အကောင်းဆုံးမူရင်းသီချင်းဆုအတွက် အော်စကာ ဆန်ကာတင်တဲ့ Dog Oruguitas သီချင်းလေးပါ ခံစားစီးမျောကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
(၂) Brittany Runs a Marathon

Photo: Runner’s World
အားကစားမှတ်တမ်းရုပ်ရှင်ကားတွေ ကြည့်ရတာ တကယ်ပဲ စိတ်ခွန်အားတက်ရပါတယ်။ စိတ်ဓါတ်ကျလာတိုင်း ဖြစ်ရပ်မှန်အခြေခံတဲ့ အားကစားရုပ်ရှင်တွေ ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ၂၀၁၉ မှာ ထွက်ခဲ့တဲ့ Brittany Runs A Marathon ရုပ်ရှင်က တကယ်ရှိခဲ့တဲ့ အပြေးမယ် ဘရစ်တနီ အိုနီးလ်ရဲ့ ဇာတ်လမ်းကို ကျောရိုးယူထားတာပါ။
မပျော်ရွှင်နိုင်ဖြစ်နေပြီး အဝလွန်နေတဲ့ အမျိုးသမီးတစ်ယောက် နယူးယော့ခ်စီးတီး မြို့တော်မာရသွန်ပွဲ ဝင်နွှဲရေးက အကြီးမြတ်ဆုံးအိပ်မက်အဖြစ် ရည်မှန်းချက်ထားတဲ့အခါ ကြုံလာရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ဖြတ်ကျော်ခဲ့သလဲဆိုတာကို ဒီရုပ်ရှင်မှာ ရှုမြင်ရမှာပါ။ လူတစ်ယောက် တကယ်ထက်သန်ပြင်းပြတဲ့ စိတ်နဲ့ ကြိုးစားတဲ့အခါ သူဟာ ထူးခြားလာတယ်ဆိုတကို ကျွန်တော်တို့ တွေ့မြင်ရမယ့် ရုပ်ရှင်မျိုးပဲ ဖြစ်ပါတယ်။
(၃) Unbroken

Photo: wallpaperup
ကြံ့ခိုင်မှုဆိုတာ အတွင်းက လာတာပါ။ မျက်လုံးတွေထဲမှာ ကြံ့ခိုင်မှု ၊ ဇွဲနဲ့ မျှော်လင့်ချက်တွေ ရှိနေရင် ဘယ်လောက်ဆိုးတဲ့ လောကဓံပဲ ဖြစ်ဖြစ် ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန့်သုံ့ပန်းဘဝကို ရောက်ခဲ့တဲ့ ကပ္ပတိန် လူးဝစ် ဇမ်ပါရီနီဟာ ရိုက်ချိုးလို့မရတဲ့ အလံမလှဲစိတ်ဓါတ်ပိုင်ရှင်အဖြစ် သက်သေပြခဲ့ပါတယ်။
Unbroken ထဲမှာ အိုလံပစ်စံချိန်တင် အပြေးကျော်လည်း ဖြစ်တဲ့ အမေရိကန်ကပ္ပတိန်လူးဝစ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ပင်လယ်ထဲ လေယာဉ်ပျက်ကျမှုတစ်ခုကနေ ဂျပန်တွေရဲ့ သုံ့ပန်းအဖြစ်ကို ရောက်သွားခဲ့တာပါ။ မင်းသမီးကြီး အိန်ဂျလီနာ ဂျိုးလီ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ ဒေါ်လာ ၆၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့ပြီး ရုံတင်ဝင်ငွေ ဒေါ်လာ ၁၆၃.၄ သန်း ပြန်ရခဲ့ပါတယ်။
ငွေကြေးအရ အောင်မြင်မှုအပြင် ရုပ်ရှင်အတတ်ပညာ ၊ အသံတည်းဖြတ်ဖန်တီးမှု ပိုင်းဆိုင်ရာ အော်စကာ ၃ ဆုအတွက်လည်း ဆန်ကာတင်ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒီရုပ်ရှင်က စိတ်ဓါတ်ကျနေချိန်မှာ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတွေထဲက တစ်ကားပါပဲ။
(၄) Pursuit Of Hapyness

Photo: wallpaperaccess
နောက်ထပ် ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကတော့ လူအတော်များများ ကြည့်ဖူးပြီး စွဲလမ်းခဲ့ရတဲ့ ဝီလ်စမစ်ရဲ့ Pursuit Of Happyness ပဲ ဖြစ်ပါတယ်။ နာမည်ကျော် စတော့ခ်ရှယ်ယာလုပ်ငန်းရှင် ခရစ္စ ဂါ့ဒ်နာရဲ့ အကြောင်း အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်ပါတယ်။ ဒီဇာတ်ကားနာမည်ထဲမှာ ပျော်ရွှင်မှုကို တမင် စာလုံးမှားပေါင်းထားပါတယ်။ ဒါက ဇာတ်ဝင်ခန်းတစ်ခုမှာ ပြန်ရှင်းထားပါတယ်။
ပျော်ရွှင်မှုရရှိရေး ၊ နေပျော်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ရေးဆိုတာ သောမတ်စ်ဂျက်ဖာဆင်ရဲ့ လွတ်လပ်ရေးကြေညာစာတမ်းထဲမှာ ဖော်ပြခံရတဲ့ အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်မှာ ပျော်စရာတစ်ကွက်မှ တွေ့ရမှာ မဟုတ်ပါဘူး။ ဘဝတကွေ့မှာ လောကဓံလှိုင်းကြီးခဲ့ချိန် အိမ်ဆိုတာလည်း ပျောက်ဆုံးခဲ့ရသလို လက်တွဲဖော်နဲ့လည်း ပြတ်စဲခဲ့ရသူ ၊ အသက်ရှင်ရပ်တည်ရေးအတွက် သားငယ်နဲ့အတူ ခရစ္စ ဂါ့ဒ်နာရဲ့ အမှောင်ဆုံးရက်တွေအကြောင်းကို မြင်တွေ့ရမှာပါ။
ဒီရုပ်ရှင်က ကြည့်ဖူးသူတိုင်း ကြိုက်သွားကြတယ်ဆိုတဲ့ ရုပ်ရှင်မျိုး ဖြစ်ပါတယ်။ အချိန်ရတာနဲ့ အေးအေးဆေးဆေးကြည့်သင့်တဲ့ ရုပ်ရှင်စာရင်းခြင်းတောင်းထဲမှာ ထည့်ထားဖို့ ညွှန်းချင်ပါတယ်။
(၅) Frida

Photo: youth-time
Frida ဆိုတာ နာမည်ကျော် မက္ကဆီကန် ပန်းချီဆရာမ ဖရီဒါ ခါ့လိုရဲ့ ဘဝအကြောင်းပါ ။ လူ့ဘဝဆိုတာ နဂိုကတည်းက ရှုပ်ထွေးပြီးသားပါ ။ ဖရီဒါလိုမျိုး အနုပညာသည်တစ်ယောက်ရဲ့ ဘဝကတော့ ပိုလို့တောင် အသိရခက်တဲ့ ခံစားချက်တွေ ၊ ဖြစ်ရပ်တွေနဲ့ လှိုင်းခတ်နေပါတယ်။ နည်းပြဖြစ်သူ နဲ့ သူမရဲ့ဆက်ဆံရေး နဲ့ အနုပညာသည်တစ်ယောက်ရဲ့ ဘဝနဲ့အမြင်ကို ဒီရုပ်ရှင်မှာ မြင်တွေ့ရမှာပါ ။ ၂၀၀၃ ခုနှစ်အတွက် အကောင်းဆုံးဂီတ အကယ်ဒမီဆုနဲ့ အကောင်းဆုံးမိတ်ကပ်နဲ့ ဆံပင်ပုံစံ အကယ်ဒမီဆုတွေလည်း ရထားတဲ့ ကားတစ်ကားဖြစ်ပါတယ် ။
Featured Photo: wallpaperup

