အာရှမှာ ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နိုင်ငံတစ်ခုက အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အစဉ်အလာကြီးမားတဲ့ ရှေး ဟောင်း သမိုင်းဝင် အမွေအနှစ်တွေ ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ၊ သာသာရေးဆိုင်ရာ စိတ်ဝင်စားဖွယ်ရာ နေရာတွေ ၊ တောတောင်ရေမြေသဘာဝရှု့ခင်းတွေ ၊ လည်ပတ်စရာနေရာတွေနဲ့ ထူးကဲဆန်းသစ်တဲ့ စားစရာတွေပေါတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အိန္ဒိယနိုင်ငံ ကို အလည်အပတ်ခရီးသွားဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ အခုပြောပြမယ့် နေရာတွေကို ရောက်ဖြစ်အောင်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။
(၁) Agra

Photo : Encyclopedia Britannica
Agra မြို့ဟာ အချစ်ရဲ့သင်္ကေတလို့ လူသိများတဲ့ အိန္ဒိယနိုင်ငံ ရဲ့ အထင်ကရ တာ့ဂျ်မဟာ ဂူဗိမာန်ကြီး တည်ရှိရာ မြို့ဖြစ်ပါတယ်။ ကမ္ဘာ့အံ့ဖွယ် ၇ နေရာထဲမှာ တတိယမြောက်စာရင်းဝင်တဲ့ တာ့ဂျ်မဟာ ဂူဗိမာန်ကြီးဟာ ယမုံနာမြစ်ရဲ့ ညာဖက်ကမ်းမှာ ရှိပါတယ်။ နှစ်စဉ်လာရောက်လည် ပတ်သူ အများအပြားရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှု ရရှိထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ Agra မြို့ဟာ အိန္ဒိယနိုင်ငံအတွင်းက ခရီးသွားများ လာရောက်လည်ပတ်မှုအများဆုံး မြို့တွေထဲက တစ်မြို့ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က မူဂယ်ဗိသုကာလက်ရာတွေကို နှစ် သက်တဲ့သူ တစ်ယောက်ဆိုရင်တော့ Agra Fort နဲ့ Fatehpur Sikri တို့ကိုလည်း မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။
(၂) Delhi
Photo : Lonely Planet
အိန္ဒိယနိုင်ငံရဲ့ မြို့တော် Delhi မြို့ဟာ ကမ္ဘာလှည့်ခရီးသွားတွေအများဆုံး လာရောက်တဲ့ ထိပ်တန်းခရီးသွား နေရာတွေထဲက တစ်ခုဖြစ်ပြီး အရသာရှိတဲ့ အိန္ဒိယအစားအစာတွေနဲ့ နာမည်ကြီးပါတယ်။ Delhi မြို့ဟာ အိန္ဒိယနိုင်ငံ ရဲ့ အကြီးဆုံး ဗလီတွေထဲကတစ်ခုဖြစ်တဲ့ JAMA Masjid ဗလီ ၊ မူဂယ်ဧကရာဇ် Humayun ရဲ့ သင်္ချိုင်း ၊ Laxmi Narayan ဘုရားကျောင်းတို့လို ရှေးဟောင်းအမွေအနှစ်နဲ့ အထိမ်းအမှတ်နေရာတွေ တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။ Delhi မြို့ရဲ့ ဟောင်းနွမ်းနေတဲ့ မိန်းလမ်းမကြီးတွေ ၊ ထူးခြားတဲ့ အိန္ဒိယစာတွေ ၊ လမ်းဘေး အစားအစာတွေ ၊ သမိုင်းဝင်နေရာတွေနဲ့ လည်ပတ်စရာပေါတဲ့ အထင်ကရ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။
(၃) Amritsar

Photo : Audley Travel
Amritsar မြို့ဟာ Golden Temple လို့ခေါ်တဲ့ ရွှေဘုရားကျောင်းတော်ကြီးနဲ့ ဒေသခံလူတွေရဲ့ ထူးခြားတဲ့ အလေ့အထတွေကြောင့် နာမည် ကြီးပါတယ်။ Amritsar မြို့ရဲ့ ထူးခြားချက်က ဒေသခံတွေဟာ လူသားဆန်မှုနဲ့ တန်းတူညီမျှမှုကို ယုံကြည်ကြသူတွေ ဖြစ်ပြီး ဆစ်ခ်ဘာသာဝင်တွေအတွက် အဓိကကိုးကွယ်မှုဆိုင်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အတိုချုပ်ပြောရမယ်ဆိုရင် Amritsar မြို့ဟာ လူသားဝါဒကို သင်ကြားပေးမဲ့ ကမ္ဘာ့အံ့သြဖွယ် နေရာတစ်ခုပဲ ဖြစ်ပါတယ်။
(၄) Rajasthan

Photo : Flickr
Rajasthan ပြည်နယ်ကို ပန်းရောင်မြို့တော်လို့ လူသိများပါတယ်။ Rajasthan ပြည်နယ်မှာ Lohagarh ခံတပ် ၊ Gugor ခံတပ် ၊ Bala ခံတပ် ၊ Samod ခံတပ် ၊ Fatehgarh ခံတပ် ၊ Pratap Garh ခံတပ်နဲ့ တခြား လှပတဲ့ အံ့ဖွယ် ရှေးဟောင်း ခံတပ်ကြီးတွေ ၊ Hawa Mahal ၊ Jal Mahal ၊ Amber နန်းတော် ၊ Taj Lake နန်းတော် ၊ Umaid Bhawan နန်းတော် ၊ Lalgarh နန်းတော်နဲ့ တခြား သမိုင်းဝင်နေရာတွေ များစွာရှိပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာနိုင်သလို လည်ပတ်စရာနေရာတွေ ပေါတဲ့ အိန္ဒိယနိုင်ငံ အတွင်းက ထင်ရှားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
(၅) Varanasi

Photo : Learn Religions
အိန္ဒိယနိုင်ငံရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးနဲ့ အလှဆုံးမြို့ကြီးတွေထဲက တစ်မြို့ကတော့ Varanasi မြို့ ဖြစ်ပါတယ်။ Varanasi မြို့ဟာ စိတ်ဝိညာဉ်ရေးဆိုင်ရာ အငွေ့အသက်တွေကို ပေးစွမ်းနိုင်တဲ့ ထူးခြားတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဘဝရဲ့ ငြိမ်သက်အေးချမ်းမှုကို ရှာဖွေလိုသူတိုင်း Varanasi မြို့ကို လာရောက်လည်ပတ်သင့်သလို Varanasi မြို့ဟာ လူတွေရဲ့ စိတ်ဝိညာဉ်တံခါးပေါက်တွေကို ဖွင့်ပေးနိုင်တဲ့ မြို့တစ်မြို့ အဖြစ် ထင်ရှားကျော်ကြားပါတယ်။ Varanasi မြို့က အိန္ဒိယနိုင်ငံ ရဲ့ အထင်ကရနဲ့ အမြင့်မြတ်ဆုံး မြစ်ကြီးတစ်ခုဖြစ်တဲ့ ဂင်္ဂါမြစ်ရဲ့ ဘယ်ဘက်ကမ်းမှာ ရှိတည်ပါတယ်။ Golden Temple ရွှေဘုရားကျောင်းတော် ၊ Bharat Mata ဘုရားကျောင်းနဲ့ ဂေါတမ မြတ်စွာဘုရား တရားဦးဟောကြားခဲ့ရာ သမင်ဥယျာဉ်တော်တို့ တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ရောက်တဲ့အခါ ရှေးဟောင်း သမိုင်းဝင်နေရာတွေ ၊ စိတ်ဝင်စားစရာ အံ့ဖွယ်နေရာတွေများစွာ ရှိတဲ့ Varanasi မြို့ကို မဖြစ်မနေ သွားရောက်လည်ပတ်ဖို့ အကြံပြုချင်ပါတယ်။
Featured Photo : TripSavvy

