ဝါသနာလေးတွေ ရှိတာကောင်းပါတယ်။ ကိုယ့်ရဲ့ အားလပ်တဲ့ အချိန်တွေကို စိတ်ဝင်စားမှုအပြည့်နဲ့ ကုန်ဆုံးစေနိုင်လို့ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အတွက် အကျိုးရှိမယ့် ဝါသနာလေးတွေ မွေးထားတာ မကောင်းဘူးလား။ ဒီတစ်ခါမှာတော့ အိမ်ထဲက အိမ်ပြင်ထွက်စရာမလိုတဲ့ ဝါသနာလေးတွေအကြောင်းကို မျှဝေသွားမှာ ဖြစ်ပါတယ်။ အခုပြောမယ့် ဝါသနာ လေးတွေဟာ သင့်ရဲ့ ကိုယ်ရောစိတ်ပါ ကောင်းကျိုးများတဲ့ အိမ်တွင်း ဝါသနာ လေးတွေလည်း ဖြစ်ပါတယ်။

(၁) ယောဂ

Photo: thetrendspotter

ကျွန်တော်တို့အများစုက ယောဂနဲ့ ဝေးပါတယ်။ယောဂကိုလည်း အမျိုးသမီးတွေပဲ လုပ်တဲ့အလုပ်လို့ ထင်ကြတာပါ။ တကယ်တော့ ယောဂဟာ Workout လေ့ကျင့်ခန်းတွေကနေ ပြန်လည်သန်စွမ်းလာဖို့ ထိရောက်တဲ့နည်းလမ်းဖြစ်သလို စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ဖို့အကောင်းဆုံး လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။

(၂) တရားထိုင်ခြင်း

Photo: thetrendspotter

ဝါသနာတွေထဲမှာ သင့်စိတ်ကို ငြိမ်းအေးကြည်လင်စေတဲ့ ဝါသနာမွေးမြူတာက တစ်သက်ပန်လုံးအတွက် အကျိုးများတဲ့ ဝါသနာတစ်ခုက တရားထိုင်ခြင်းပါပဲ။ တရားထိုင်ခြင်းဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး အာရုံစူးစိုက်မှုနဲ့ သောကနည်းစေဖို့အပြင် စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့်အောင်ပါ အထောက်အကူပြုပါတယ်။

(၃) တူရိယာပစ္စည်းတီးခတ်နည်း သင်ခြင်း

Photo: thetrendspotter

ဂီတတူရိယာတီးခတ်နိုင်စွမ်းဟာ လူတွေရဲ့ အထူးခြားဆုံး အနုပညာစွမ်းရည်တွေထဲက တစ်ချို့ ဖြစ်ပါတယ်။ ဂီတဟာ စိတ်နှလုံးကို နူးညံ့စေပြီး ဖန်တီးဉာဏ်ကို ပိုထက်သန်စေပါတယ်။ နောက်တစ်ခုက တူရိယာပစ္စည်းအမျိုးမျိုး တီးခတ်နိုင်ခြင်းဟာ အပေါင်းအသင်းအသိုင်းအဝိုင်းကြားမှာပါ မျက်နှာပိုပွင့်ပါတယ်။

(၄) အချက်အပြုတ်

Photo: thetrendspotter

အခုခေတ်မှာ ထမင်းဟင်းချက်တယ်ဆိုတာ အမျိုးသမီးတွေနဲ့ပဲ ဆိုင်တော့တာမဟုတ်ပါဘူး။ မီးဖိုချောင်အလုပ်မှာ အမျိုးသားတွေလည်း ပါရမီပြခွင့်ရပြီ ဖြစ်ပါတယ်။ ဟင်းချက်တယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ အိမ်တွင်းမှုတစ်ခုဖြစ်ပါတယ်။ ဟင်းအမယ်အစပ်အဟပ်သစ်လေးတွေ ချက်နေပြုတ်နေရတာ ပျော်ဖို့ကောင်းသလို ကိုယ့်လက်ရာကို မြိန်ရေယှက်ရေ သုံးဆောင်နေတာကို ကြည့်ရတာလည်း ပီတိဖြစ်စရာပါပဲ။

(၅) စာဖတ်ခြင်း

Photo: thetrendspotter

စာဖတ်ဖို့အတွက် စာအုပ်တစ်အုပ်နဲ့ အလင်းရောင်ကောင်းပြီး တိတ်ဆိတ်တဲ့ နေရာလေးပဲ လိုပါတယ်။ ဒါပေမယ့် စာအုပ်တစ်အုပ်ကနေ ရနိုင်တဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်နိုင်အောင်ပါပဲ။ ဒီဝါသနာဟာ တစ်သက်လုံးအတွက် ကောင်းတယ်လို့သာ ပြောလိုက်ပါရစေတော့။