လူတိုင်းက ကိုယ် ချစ်တဲ့သူနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ သေတစ်ဖန် သက်တစ်ဆုံး ပေါင်းသင်းနေထိုင်ချင်ကြသူတွေ ချည်းပါပဲ။ အိမ်ထောင်ရေး ကံကောင်း ဖို့အတွက် အသီးသီး ကြိုးစားကြပြီး မောင်တစ်ထမ်း မယ်တစ်ရွက်ဖြင့် အပေးအယူမျှစွာ လုပ်ဆောင်ကြပါတယ်။ ကိုယ့်ရဲ့ ဘဝတစ်ခုလုံးကို အခြားတစ်ယောက်နဲ့ အတူတူ ဝေမျှဖို့ဆိုတာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အိမ်ထောင်းရေး တစ်ခု တည်မြဲဖို့အတွက် ချစ်ခြင်းတရား၊ သံယောဇဥ်၊ နားလည်မှုတို့သာမက တစ်ယောက်အပေါ် တစ်ယောက် လေးစားမှုတို့လည်း လိုအပ်ပါတယ်။

ကွီးတို့အနေနဲ့ အိမ်ထောင်ရေး ကံကောင်း ဖို့အတွက် အဆောင်တွေ ယတြာတွေလည်း မလိုအပ်ပါဘူး။ ကိုယ့်ရဲ့  စိတ်ရင်းအမှန်ကိုသာ ဖော်ထုတ်ပြသရုံပါပဲ။ ဒါ့အပြင် အခုဖော်ပြပေးမယ့် အချက်များကို အသုံးပြုမယ်ဆိုရင်တော့ ထာဝစဥ် တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နိုင်ပြီပဲ ဖြစ်ပါတယ်။

ပွင့်လင်းရိုးသားစွာ ပြောဆိုဆက်ဆံပါ

married couple

ကွီးတို့ရဲ့ အိမ်ထောင်ရေး ကို ကံကောင်း ချင်တယ်ဆိုရင် ကိုယ့်ရဲ့ လက်တွဲဖော်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်နှင့် ပတ်သက်ပြီး ရိုးသားမှုရှိပါ။ တစ်ယောက်နဲ့တစ်ယောက် ခေါ်ပြောဆက်ဆံတဲ့အခါမှာလည်း ကြင်နာစိတ်၊ လေးစားစိတ် ရှိရပါမယ်။ အောင်မြင်တဲ့ ဆက်ဆံရေးတစ်ခုမှာ ကွီးတို့သည် ကောင်းစွာ နားထောင်တတ်ဖို့လည်း လိုအပ်သလို ကိုယ့်ရဲ့ လက်တွဲဖော်က ကိုယ့်ဆီကနေ ဘာကို မျှော်လင့်သလဲဆိုတာကို သိနားလည်အောင် ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ကချည်းပဲ ပြောနေမယ်၊ သူ(မ) ပြောတာ နားမထောင်ဘူးဆိုရင်တော့ ထိုဆက်ဆံရေးသည် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ နှစ်ဦးသား ခံစားချက်များ၊ အတွေးများကို အပြန်ပြန် အလှန်လှန် နားဆင်ပါ၊ ဝေမျှပါ။

ကိုယ့်ရဲ့ လက်တွဲဖော်ကို ကျေးဇူးတင်ကြောင်း ပြောဖို့လည်း မမေ့ပါနဲ့

married couple

နှစ်ဦးသားစလုံးရဲ့ ဆက်ဆံရေးကို အလေးထားပါ။ တစ်ယောက်ကို တစ်ယောက်လည်း တန်ဖိုးထားပါ။ ကိုယ့် လက်တွဲဖော်က ထမင်း ဟင်း ချက်ပေးတဲ့အခါ၊ သားသမီးများကို ပြုစုပျိုးထောင်ပေးခြင်း၊ စျေးဝယ်ထွက်ခြင်း အစရှိတဲ့ ကိစ္စအဝဝကို ပြုလုပ်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်စကားပြောပေးပါ။ ကျေးဇူးတင်စကား ပြောကြားဖို့ရန်အတွက် ဘယ်လောက်မှ အချိန်ကြာသွားမှာလည်း မလုပ်သလို၊ ခက်ခဲတဲ့အရာတစ်ခုလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင်စကား ပြောကြားဖို့ မမေ့ပါနဲ့။

တစ်ယောက်ကိုတစ်ယောက် အချိန်ပေးပါ

အိမ်ထောင်ရေး ကံကောင်း

အလုပ်နှင့် မိသားစုတာဝန်များအကြား နှစ်ယောက်သားအတွက် ရိုမန့်တစ်ဆန်တဲ့ အချိန်တွေဆိုတာ ရွှေထက် ရှားလာမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေး မှာ အမြဲတမ်း ကံကောင်း ချင်တယ်ဆိုရင် ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ နှစ်ဦးသားအတွက် ရိုမန့်တစ်ဆန်တဲ့ အချိန်တစ်ခု ဖန်တီးဖို့ လိုအပ်ပါတယ်။ နှစ်ယောက်သားအတွက် အမှတ်တရဖြစ်စေမယ့် နေ့ရက်များမှာ ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းပါ။ တစ်ယောက်ကို တစ်ယောက် အချိန်ပေးပါ။ သားသမီးများ ရှိပါကလည်း ကလေးများနှင့်အတူတူ အချိန်ကုန်ဆုံးလိုက်ပါ။

ကိုယ်ပိုင်အချိန် ရယူဖို့လည်း လိုအပ်ပါတယ်

အိမ်ထောင်ရေး ကံကောင်း

တစ်ယောက်တည်း ကိုယ်ပိုင်အချိန်ရယူခြင်းသည်လည်း တစ်ယောက်ကို တစ်ယောက် အချိန်ပေးခြင်းကဲ့သို့ အရေးကြီးလှပါတယ်။ လူသားတိုင်းသည် ကိုယ်ပိုင် Space ၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို လိုလားကြပြီး ခေါင်းအေးအေးထားဖို့ စဥ်းစားချိန်လည်း လိုအပ်ပါတယ်။ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင် လွတ်လပ်ခွင့်သည် ကလေးရှိတဲ့ အိမ်ထောင်ရှင်များအဖို့ ရှားပါးလှပါတယ်။ ဒါ့ကြောင့် ကိုယ်ပိုင်အချိန် ရယူချင်တယ်ဆိုရင် ကိုယ့်ရဲ့ လက်တွဲဖော်နှင့် ညှိနှိုင်းကာ ဘယ်အချိန်မှာတော့ နားချင်တယ်၊ ဘယ်အချိန်မှာတော့ ကလေး ကူထိန်းပေးမယ် စသည်ဖြင့် တာဝန်များ ခွဲဝေကာ လုပ်ဆောင်ပါ။ ကိုယ့်ရဲ့ ဘော်ဒါတွေနဲ့ အပြင်ထွက်လည်ချင်တဲ့အခါ ထွက်လည်လိုက်ပါ။ သို့သော် အိမ်ပြန်ရောက်တဲ့အခါမှာတော့ ကိုယ့်အမျိုးသမီးကို ကျေးဇူးတင်စကား ပြောဖို့လည်း မမေ့ပါနှင့်။

သဘောထား မတိုက်ဆိုင်ခြင်းက ပြဿနာမဟုတ်ပါဘူး

အိမ်ထောင်ရေး ကံကောင်း

သင်တို့ နှစ်ယောက်သည် ကိစ္စအဝဝတိုင်းမှာ သဘောထားတိုင်ဆိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ သို့သော် နှစ်ယောက်သား ငြင်းခုန်တဲ့အခါမှာတော့ တစ်ယောက်ကို တစ်ယောက် လေးစားသမှုထားပြီး ငြင်းခုန်တတ်ဖို့တော့ လိုအပ်ပါတယ်။ ငြင်းခုန်နေခြင်းနှင့် ရန်ဖြစ် ဆဲဆိုနေခြင်းက မတူပါဘူး။ ကွီးတို့အနေနဲ့ နှစ်ယောက်သား ငြင်းခုန်ပြီးတဲ့နောက်မှာ အကောင်းမွန်ဆုံး အဖြေတစ်ခုကို ထုတ်ဖို့ လိုအပ်ပါတယ်။ ရန်ဖြစ်ကာ တစ်ယောက်ကို တစ်ယောက် ဆဲရေး တိုင်းထွာနေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိမ်ထောင်ရေးမှာ အက်ကွဲကြောင်းတစ်ခုသာ ဖြစ်လာပါလိမ့်မယ်။ ကိုယ့်အနေနဲ့ သဘောထား မတိုက်ဆိုင်လို့ ငြင်းခုန်နေစဥ်မှာ ဒေါသသံအနည်းငယ် စွက်လာပါက ထိုနေရာကနေပဲ ချက်ချင်း ရှောင်ထွက်သွားပြီး ခေါင်းအေးအေးထားပါ။ ခေါင်းအေးပြီး ဒေါသလည်း ရှင်းသွားပြီဆိုမှ ပြန်လည် ဆွေးနွေးရမှာပဲ ဖြစ်ပါတယ်။

ယုံကြည်မှု တည်ဆောက်ပါ

အိမ်ထောင်ရေး ကံကောင်း

တစ်ယောက်ကို တစ်ယောက် အဆိုးမြင်စိတ်နှင့် ဝေဖန်ပြောဆိုနေခြင်းသည် ကွီးတို့ရဲ့ အိမ်ထောင်ရေးကို ဆိုးရွားလာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွာရှင်းနိုင်ခြေလည်း ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်ကို တစ်ယောက် ဝေဖန် ပြောဆိုနေမယ့်အစား ကူညီဖေးမပါ။ သံသယမျက်လုံးများနှင့် ကြည့်နေမယ့်အစား ယုံကြည်မှုကို ဖြည်းဖြည်းချင်းစီ တည်ဆောက်ယူရမှာပဲ ဖြစ်ပါတယ်။

ဒီအချက်များကို ကျင့်သုံးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိမ်ထောင်ရေးသည် ကြည်နူးစရာကောင်းပြီး ထာဝစဥ် တည်တံ့ခိုင်မြဲနေမှာပဲ ဖြစ်ပါတယ်။

Source: Urmc.rochester

Featured Image: Freepik