အိမ်ထောင်ပြုတယ်ဆိုတာဟာ လူနှစ်ယောက် ဘဝတစ်ခုကို အတူတကွ ပေါင်းဖက်ထူထောင်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ဖေးမကူညီရင်း နှစ်ကိုယ်တူဘဝခရီးကို ဆက်ကြရတာ ဖြစ်ပါတယ်။ လူတိုင်းကတော့ ကိုယ်တိုင် တည်ဆောက်လိုက်တဲ့ အိမ်ထောင်ရေး ကို သာယာပျော်ရွှင်ဖို့ မျှော်မှန်းကြတာပါပဲ။ တကယ်ပဲ အိမ်ထောင် တစ်ခု သာယာပျော်ရွှင် ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အရာလေးတွေ လိုက်နာဖို့ လိုပါမယ်။

(၁) ယုံကြည်မှုက အဓိကကျပါတယ်

Photo : verilymag.com

အိမ်ထောင်သည်ဘဝက ချစ်သူရည်းစားဘဝက ယုံကြည်ခဲ့တာထက် ပိုပြီး ယုံကြည်ပေးဖို့လိုပါတယ်။ တစ်ဘက်သားပေါ် သစ္စာထားချိန်မှာ သူလည်း ကိုယ့်အပေါ် သစ္စာရှိပြီး ယုံကြည်နေမယ်ဆိုတဲ့ အချက်ကို လက်ခံထားဖို့ လိုပါတယ်။ သံသယဟာ အိမ်ထောင်ရေးတစ်ခု ပြိုလဲ လှိုက်စားစေတဲ့ အရာတစ်ခု ဖြစ်လို့ တစ်ယောက်အပေါ်တစ်ယောက် သံသယတွေ ဘယ်တော့မှ အဝင်မခံသင့်ပါဘူး။

(၂) ညှိနှိုင်းဆွေးနွေးပါ

Photo : Project Hot Mess

ဘယ်လောက်ချစ်ချစ် လူတွေဟာ ဘယ်တော့မှ တစ်ယောက်နဲ့ တစ်ယောက် ထပ်တူမကျပါဘူး။ အိမ်ထောင်ရေး မသာယာတဲ့ အချက်တွေထဲမှာ ကိုယ်ဖြစ်ချင်တဲ့ ပုံစံခွက်ထဲပဲ ကိုယ့်အိမ်ထောင်ဘက်ကို ပုံသွင်းချင်တာက အဆိုးဆုံး အပြစ် ဖြစ်ပါတယ်။ ညှိနှိုင်းတဲ့ သဘောဟာ အနိမ့်အမြင့်မတူတဲ့ မြေပြင်ကို တညီတည်း ဖြစ်အောင် ပြုပြင်တဲ့ သဘောပါ။ သဘောတူညီချက်တစ်ခုအတွက် ညှိနှိုင်းရာမှာလည်း နှစ်ယောက်စလုံး လက်ခံတဲ့ မျှတတဲ့ ညှိနှိုင်းချက် ဖြစ်သင့်ပါတယ်။

(၃) ရည်မှန်းချက်နဲ့ ကြိုးစားပါ

Photo : Heartmanity Blog

ချစ်ရုံနဲ့ မပြီးဘူးဆိုတာ အိမ်ထောင်ကျလာတဲ့အချိန်မှာ အမှန်ဆုံးနဲ့ ခံရအခက်ဆုံး စကားဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်ဘက်ကို ကြင်နာတာဟာ အကောင်းဆုံးအရာပါ။ ဒါပေမယ့် သူ့ဘဝ ကိုယ့်ဘဝနဲ့ လာမယ့် မျိုးဆက်သစ်ကလေးတွေအတွက် ကြိုးစားနေတဲ့ ယောကျာ်းကောင်းတစ်ယောက်အဖြစ် ရှိနေတာဟာ ပိုပြီး ကောင်းပါတယ်။ ရည်မှန်းချက်နဲ့ ကြိုးစားနေချိန်မှာလည်း အလုပ်နဲ့ ဘဝ ဟန်ချက်မျှတနေဖို့ လိုပါတယ်။

(၄) ဆက်သွယ်မှု အမြဲရှိပါ

Photo : Entrepreneur

အိမ်ထောင်သည်တွေ တစ်ယောက်ကို တစ်ယောက် သိပ်စကားမပြောဖြစ်တာဟာ ထူးခြားတဲ့ အခြေအနေပါ။ တကယ်က တစ်နေ့တာ အတွေ့အကြုံတွေ ပြန်မျှဝေတာ ၊ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပြီး တစ်ယောက်စကား တစ်ယောက်နားထောင်ပေးတာ ၊ ပြဿနာကို အတူရင်ဆိုင်တာနဲ့ အတူ ရယ်မောတာဟာ အိမ်ထောင်ရေးကို ကျန်းမာသန်စွမ်းစေတဲ့ ဗိုက်တာမင်ပါပဲ။

Featured Photo : ValueChampion