ကျွန်တော်တို့ တော်တော်များများကတော့ အသုံးပြုပြီးသား ဘီယာပုလင်းအခွံတွေ ၊ ဝိုင်ပုလင်းအခွံတွေဆိုရင် အလွယ်တကူပဲ လွင့်ပစ်ရင်ပစ် မဟုတ်ရင် ချောင်ထိုးထားလိုက်ကြတာ များပါတယ်။ တကယ်တော့ ဒီလို ပုလင်းအခွံတွေဆိုတာ သုံးတက်ရင် အမှိုက်မဟုတ်တဲ့ ရွှေတွေပါပဲ။ကွီးတို့အိမ်မှာ အသုံးဝင်တဲ့ အလှဆင်ပစ္စည်းလေးတွေ ၊ ထူးထူးခြားခြား DIY ပစ္စည်းလေးတွေကို အဆိုပါ ပုလင်းအခွံတွေ အသုံးပြုပြီး ပြန်လည်ဖန်တီးလို့ ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အိမ်မှာရှိတဲ့ ပုလင်းအခွံ တွေနဲ့ ပြုလုပ်နိုင်မယ့် အမိုက်စား DIY ပရော့ဂျက် အိုင်ဒီယာလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ပုလင်းအခွံ ဖယောင်းတိုင်ခွက်
Photo : Wildflowers
ဆီမီးခွက်တွေ ၊ ဖယောင်းတိုင်ခွက်တွေကို ကြွေထည် ဒါမှမဟုတ် မြေထည်ကို အသုံးပြုပြီး ဖန်တီးကြတာ များပါတယ်။ ကွီးတို့ အိမ်မှာ ပုလင်းအခွံတွေ ရှိနေတယ်ဆိုရင်တော့ လှပတဲ့ ဆီမီးခွက်တွေ ၊ ဖယောင်းတိုင်ခွက်လေးတွေ ဖန်တီးနိုင်မှာပါ။ ပုလင်းအခွံရဲ့ အထက်ပိုင်းကို သေသေ သပ်သပ် သေချာဖြတ်တောက်ပြီး ပုလင်းအောက်ခြေကိုပဲ အသုံးပြုကာ ဖယောင်းရည် သို့မဟုတ် ဆီထည့်ပြီး ပုလင်းအခွံဖယောင်းတိုင်ခွက်တစ်ခုအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
(၂) ပုလင်းအခွံ စားပွဲတင် အလှပန်းအိုး
Photo : Red Wine Dragons
အလုပ်စားပွဲ ဒါမှမဟုတ် ထမင်းစား စားပွဲတွေပေါ်မှာ အလှဆင်ဖို့ အလှပန်းအိုးလေး ဖန်တီးချင်တယ်ဆိုရင်တော့ ပုလင်းအခွံတွေ အသုံးပြုနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ပုလင်းအခွံတွေကို သေချာသန့်စင် ဆေးကြောလိုက်ပါ။ အရောင်လေးတွေနဲ့ အလှဆင်ရတာ နှစ်သက်ပါက ပုလင်းပေါ်မှာ စိတ်ကြိုက်ဆေးရောင်လေးတွေ ခြယ်သနိုင်ပါတယ်။ ထို့နောက် မိမိနှစ်သက်ရာ ပန်းလေးတွေကို ထိုးစိုက်ပြီး ပုလင်းအခွံစားပွဲတင် အလှပန်းအိုးတစ်ခု လွယ်လွယ်ကူကူ ဖန်တီးလို့ ရပါတယ်။
(၃) ပုလင်းအခွံ ဆည်းလည်း
Photo : Your Projects@OBN
ဒါလေးကတော့ အိမ်မှာ အလှဆင်ထားလို့ရမယ့် ပုလင်းအခွံဆည်းလည်း လေးတွေပါ။ ဝရံတာ ဒါမှမဟုတ် အိမ်ရှေ့မျက်နှာစာမှာ အလှဆင်ဖို့အတွက် ပုလင်းအခွံတွေကို အသုံးပြုပြီး အသံမြည်တဲ့ ချစ်စရာ ဆည်းလည်းလေးတွေကို ဖန်တီးလို့ ရပါတယ်။ ပုလင်းအောက်ခြေကို ဖြတ်တောက်ပြီး ကြိုးဆိုင်းကာ ချိတ်ဆွဲထားရမှာ ဖြစ်ပါတယ်။ ကွီးတို့ နှစ်သက်သလို ဆေးရောင်လေးတွေ ၊ ရေဆေးပန်းချီလေးတွေလည်း လက်စွမ်းပြ ခြယ်သလို့ ရပါတယ်။
(၄) ပုလင်းအခွံ ညမီးအိမ်
Photo : CNET
ပုလင်းအခွံညမီးအိမ်ကတော့ ကွီးတို့ အိပ်ရာဘေးမှာ ထားဖို့ အသင့်တော်ဆုံး ပစ္စည်းလေးတစ်ခုပါပဲ။ အရင်ဆုံး ပုလင်းရဲ့ထိပ်ဝမှာ မီးထွန်းဖို့အတွက် မီးသီးအထိုင်ကို သေချာလေး တပ်ဆင်ရပါမယ်။ ဝါယာကြိုးကိုတော့ လွယ်လွယ်ကူကူ ဖြစ်စေဖို့ ပုလင်းရဲ့ အပြင်ကိုပဲ ထုတ်ထားပါ။ အပေါ်က မီးအုပ်ဆောင်း တပ်ဆင်လိုက်ပြီးပြီဆိုရင် အိပ်ရာဘေးမှာ လှပတဲ့ ပုလင်းအခွံညမီးအိမ်လေးတစ်ခု ရရှိပြီ ဖြစ်ပါတယ်။
Featured Photo : Decorating HQ