မနေ့က အာဆင်နယ်ကို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဘန်လေကြယ်ပွင့် အာရွန် ရမ်ဆေး တစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့တာကြောင့် ပွဲစဉ်ကို ခေတ္တခဏ ရပ်ဆိုင်းခဲ့ရပါတယ်။
Photo : The Irish Sun
အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒုတိယပိုင်း ပွဲကစားချိန် ၆၃ မိနစ်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး အောက်ဆီဂျင်ပေးပြီးပါ ကွင်းထဲကနေ သယ်ထုတ်ခဲ့ရပါတယ်။
ရမ်ဆေး ဟာ သူရဲ့ ညာဘက်ဒူးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း မြက်ခင်းပြင်ပေါ် လဲကျသွားခဲ့တာဖြစ်ပြီး နာကျင်မှုဝေဒနာ အလူးအလဲ ခံစားနေရတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဒဏ်ရာရရှိသွားတဲ့ အင်္ဂလန်သားကို ၂ သင်းလုံးရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ဝိုင်းဝန်းကုသပေးခဲ့ရပြီး မိနစ်အနည်းငယ်ကြာတဲ့အထိ ပွဲစဉ်ကို ဆိုင်းငံ့ခဲ့ရတာ ဖြစ်ပါတယ်။
ဆေးကုသမှု ခံယူနေစဉ်အတွင်းမှာ ရမ်ဆေးဟာ ထထိုင်လာနိုင်ခဲ့ပေမယ့်လည်း ပွဲကိုဆက်ကစားဖို့ မဖြစ်နိုင်တာကြောင့် အောက်ဆီဂျင်ပေးပြီး ကွင်းထဲကနေ သယ်ထုတ်ခဲ့ရကာ ဂျေးရိုဒရီဂွက်ဇ်နဲ့ လူစားလဲခဲ့ရပါတယ်။
လူမှုကွန်ယက် စာမျက်နှာပေါ်မှာတော့ ရမ်ဆေး ကို ပရိသတ်တွေက ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပြီး ပရိသတ်တစ်ယောက်က ” အမြန်ဆုံး ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ် ” လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ် ပရိသတ်တစ်ယောက်ကလည်း ” ကြီးကြီးမားမားမဖြစ်ဖို့ မျှော်လင့်ပါတယ်။ တကယ်ကို ကံဆိုးတာပါပဲ” လို့ ရေးခဲ့ပါတယ်။
ရမ်ဆေးဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အက်စတွန်ဗီလာအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး နည်းပြကွန်ပနီရဲ့ အသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်ကာ ဒီရာသီမှာ ဘန်လေအသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ပါဝင်ကစားထားပါတယ်။ ရမ်ဆေး ဟာ အင်္ဂလန် ယူ၂၀ အသင်း အတွက်လည်း ၆ ပွဲ ပါဝင်ကစားထားပြီး ဂိုးသွင်း ၁ ဂိုး စွမ်းဆောင်ပေးထားပါတယ်။
Photo : The Sun
နည်းပြအာတီတာရဲ့ အာဆင်နယ် အသင်းကတော့ ဘန်လေကို ပထမပိုင်းမှာတင် ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ နောက်ထပ် ၃ ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးရလဒ် ၅ – ဝ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
အဆိုပါ ဂိုးပြတ်နိုင်ပွဲကြောင့် ဂန်းနားတို့ကတော့ အမှတ်ပေးဇယား ထိပ်ဆုံးမှာရှိနေတဲ့ လီဗာပူးအသင်းကို ဆက်လက်ဖိအားပေးထားနိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဘန်လေကတော့ တန်းဆင်းရဖို့အခြေအနေနဲ့ ပိုမိုနီးစပ်လာနေပြီ ဖြစ်ပါတယ်။
Featured Photo : The Sun