လူတစ်ယောက် အောင်မြင်ဖို့ အမူအကျင့်တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ တချို့ အမူအကျင့်လေးတွေက အသေးအမွှားလို့ ထင်ရပေမယ့် ကွီးတို့ရဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့ အတားအဆီး အဟန့်အတား တစ်ခု ဖြစ်နေတက်ပါတယ်။ ကွီးတို့ ဘဝမှာ အမှန်တကယ် အောင်မြင်ကြီးပွား ချင်တယ်ဆိုရင် ဒီလို အောင်မြင်ကိုပိတ်ပင် တားဆီးနေတဲ့ အမူအကျင့်တချို့ကို စွန့်လွှတ်ဖို့ လိုမှာပါ။ ဒီတစ်ခေါက်မှာတော့ အောင်မြင်ကြီးပွား ချင်ရင် ကွီးတို့ စွန့်လွှတ်ရမယ့် အရာ ၄ ခုအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ကြောက်စိတ်တွေကို ဖယ်ရှားလိုက်ပါ


Photo : Unsplash

လူတစ်ယောက်ရဲ့ အောင်မြင်မှုကို အကြီးအမားဆုံး ဟန့်တားနေတာက ကြောက်စိတ်ပါပဲ။ ကိုယ်ဟာ ဘယ်လောက်ပဲ အရည်အချင်းပြည့်ဝပြီး ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်နေပါစေ ကြောက်စိတ်က လွမ်းမိုးထားရင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက်ရှိမှာ မဟုတ်ပါဘူး။ အရာရာတိုင်း ကို ကြောက်စိတ်က ကြီးစိုးနေပြီး မပြောရဲမဆိုရဲ ၊ မလုပ်ရဲမကိုင်ရဲတာမျိုးတွေ မဖြစ်အောင် ကြောက်စိတ်တွေကို အတက်နိုင်ဆုံး ဖယ်ရှားပြီး ရဲရင့်လိုက်ပါ။

(၂) နေ့ချင်းညချင်း အောင်မြင်ဖို့ မတွေးပါနဲ့


Photo : Unsplash

လူအများစုက အောင်မြင်နေသူတွေကို ကြည့်တဲ့အခါ အောင်မြင်မှုရဲ့ အသီးအပွင့် ရလဒ်တွေကိုပဲ မြင်ကြတာ များပါတယ်။ တကယ်တော့ အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ပေးဆပ်ခဲ့ရတာတွေ ၊ ကျရှုံးမှုတွေ အများကြီး ရှိနေပါတယ်။ အခုရေတွင်းတူး အခုရေကြည်သောက်လို့ ရရိုးထုံးစံမရှိပါဘူး။ အောင်မြင်ချင်ရင် အချိန်အတိုင်းအတာတစ်ခုအထိ ပေးဆပ်ဖို့ လိုပါတယ်။ နေ့ချင်းညချင်း အောင်မြင်ဖို့ထက် တဖြည်းဖြည်းနဲ့ စနစ်တကျ တိုးတက်အောင်မြင်လာခြင်းကိုသာ အာရုံစိုက်ထားသင့်ပါတယ်။

(၃) မကောင်းတဲ့ လူတွေကို လက်လွှတ်လိုက်ပါ

Photo : Unsplash

အရာရာကို အကောင်းမြင်နိုင်စိတ်နည်းပြီး ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်နေစေတဲ့ လူတွေကို လက်လွှတ်ဖို့ ဝန်မလေးပါနဲ့။ တစ်ခါတစ်လေမှာ မကောင်းဘူးဆိုတဲ့လူတွေကိုမှ ကိုယ်တိုင် ဆွဲထားမိတာမျိုး ဖြစ်တက်ပါတယ်။ ဘဝမှာ အောင်မြင်ကြီးပွား တိုးတက်ချင်ရင်တော့ သုညလို လူတွေကို စွန့်လွှတ်လိုက်ဖို့ လိုပါတယ်။ ဒီလိုလူတွေက သင့်မှာရှိတဲ့တန်ဖိုးကိုပါ သုည တစ်လုံးအနေနဲ့ တန်ဖိုးမဲ့သွားစေနိုင်လို့ပါပဲ။

(၄) ဆင်ခြေပေးတာတွေ ရပ်တန့်လိုက်ပါ


Photo : Unsplash

ဆင်ခြင်ဆိုတာ သင် ကိုယ်တိုင်ပဲ ပြုလုပ်နေမိတဲ့ အရာတစ်ခုပါ။ တစ်ခါတစ်လေမှာ လုပ်ရမယ့်အရာတွေ ၊ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ချင်တဲ့အခါ ၊ ပျင်းရိငြီးငွေ့နေတဲ့အခါ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ ဆင်ခြေကို သုံးကြတာ ဖြစ်ပါတယ်။ ဆင်ခြေပေးတက်တဲ့ အမူအကျင့်က တိုးတက်ကြီးပွားခြင်းထက် ဆုတ်ယုတ်ခြင်းတွေကိုသာ ဖြစ်လာစေနိုင်တာကြောင့် ဘဝမှာ အောင်မြင်ချင်ရင် ဆင်ခြေပေးတက်သူတစ်ယောက် မဖြစ်မအောင် ပြုမူနေထိုင်သင့်ပါတယ်။

Featured Photo : Unsplash