ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းကြောင်းတစ်ခု ပေါ်ရောက်ပြီး အောင်မြင်နေကြသူတွေကို ကြည့်ရင် အားကျစရာပါပဲ။ ဒီလို အောင်မြင်တဲ့ လူငယ်တစ်ယောက် ဖြစ်ဖို့ အရင်ဆုံး ပြောင်းလဲရမှာကတော့ သင်ကိုယ်တိုင်ပါ။ လူငယ်ဘဝမှာ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးမပစ်ပဲ ခိုင်မာပြတ်သားတဲ့ ရည်မှန်းချက် ၊ မဆုတ်မနစ်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အောင်မြင်မှုလမ်းကြောင်း ပေါ်ရောက်အောင် ဆွဲခေါ်ရမှာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်သူတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ အကြံပြုချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) အပြောင်းအလဲတွေကို ရင်ဆိုင်ပါ
Photo : Peaceful Soul
အောင်မြင်ချင်ရင် နေသားကျနေတဲ့ ပုံစံခွက်ထဲက ရုန်းထွက်ပြီး အတွေ့အကြုံသစ်တွေကို ရှာဖွေ ရဲရပါမယ်။ ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်းလိုလို ပုံမှန်လုပ်နေကျ အရာတွေ ၊ လုပ်ရိုးလုပ်စဉ် လုပ်ငန်းဆောင်တာတွေကို ထပ်လဲလဲ လုပ်ဆောင်နေရမယ်ဆိုရင် ငြီးငွေ့ခြင်းတွေ ဖြစ်ပေါ်လာစေပြီး ကြိုးစားအားထုတ်ချင် စိတ်တွေလည်း လျှော့လာပါလိမ့်မယ်။ မတူညီတဲ့ အတွေ့အကြုံအသစ်တွေက သင့်ကို စိန်ခေါ်မှုများစွာ ဖြစ်စေပြီး သက်သာဇုန်ထဲက သင့်ကို ဆွဲထုတ်ပေးနိုင်မှာ ဖြစ်သလို အောင်မြင်မှုကို တွန်းအားပေးမယ့် အားသစ်အင်သစ် ၊ စိတ်ကူးသစ်တွေလည်း ရရှိလာစေမှာ ဖြစ်ပါတယ်။
(၂) စွန့်စားဖို့ မကြောက်ပါနဲ့
Photo : LinkedIn
ကျွန်တော်တို့ ရှင်သန်ရာ ဘဝကြီးဟာ စွန့်စားမှုတွေနဲ့ ပြည့်နှက်နေတာပါ။ ရှည်လျားတဲ့ ဘဝခရီးတစ်လျှောက်မှာ စွန့်စားခြင်းတွေ ၊ စိန်ခေါ်မှုတွေဆိုတာ အမြဲကြုံတွေ့ လာရနိုင်ပါတယ်။ အောင်မြင်သူတိုင်းလိုလို စွန့်စားမှုတွေကို အမြဲရဲရဲရင့်ရင့် စိန်ခေါ်ရင်ဆိုင်လေ့ ရှိကြပြီး အခက်အခဲ အတားအဆီး မှန်သမျှကို အကောင်းမွန်ဆုံး ကျော်လွှားရဲတဲ့ သတ္တိကို မွေးကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့လည်း ဘဝမှာ စွန့်စားရမှာကို မကြောက်ပါနဲ့။ စွန့်စားခြင်းတွေဟာ အောင်မြင်ခြင်းရဲ့ လမ်းစတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
(၃) တိကျတဲ့ ရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်ပါ
Photo : Medium
ရည်မှန်းချက် ပန်းတိုင်တွေမရှိပဲ သွားရတဲ့လမ်းက စမ်းတဝါးဝါး ဖြစ်နေဦးမှာပါပဲ။ ဘဝမှာ သင် ဘယ်ကိုသွားမယ် ၊ ဘာလုပ်ချင်တယ် ဆိုတာကို သေချာသိရှိပြီး ခိုင်မာတိကျတဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို ချမှတ်ထားနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလို တိကျခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို ချမှတ်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ တစိုက်မတ်မတ် လုပ်ဆောင်ခြင်းဟာ သင့်ကို အောင်မြင်မှု လမ်းကြောင်းပေါ်ရောက်အောင် တွန်းပို့ပေးနိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
(၄) ကျရှုံးမှာ မကြောက်ပါနဲ့
Photo : Dr Anisha Abraham
ကျရှုံးခြင်းတွေဟာ တကယ်တော့ ကြောက်နေရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှင်သန်ရာ ကြမ်းတမ်းခက်ထန်တဲ့ ဘဝခရီးရှည်ကြီး တစ်လျှောက်မှာ အကြိမ်ကြိမ် ကျရှုံးခြင်းတွေ ၊ ရှုံးနိမ့်မှုတွေနဲ့ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကြုံတွေ့ရနိုင်ပါတယ်။ ကျရှုံးမှု ၊ ရှုံးနှိမ့်မှုတွေဟာ ကျွန်တော်တို့ ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ အကောင်းဆုံး သင်ခန်းစာတွေ ဖြစ်နိုင်ပါတယ်။ အောင်မြင်သူ တော်တော်များများလည်း ဘဝမှာ ကျရှုံးခြင်းတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ကျရှုံးခြင်းတွေကြုံတိုင်း အရှုံးမပေးပဲ အကောင်းဆုံး ပြန်ထနိုင်ဖို့ကသာ အရေးကြီးတာ ဖြစ်ပါတယ်။
Featured Photo : Fast Company