လူတိုင်း ဘဝမှာ ထွန်းပေါက်အောင်မြင်ချင်တဲ့ သူတွေချည်းပါပဲ။ အောင်မြင်မှု ရဖို့ဆိုတာ လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။ ကိစ္စတိုင်းမှာ သင်ကိုယ်တိုင် လုံ့လ ၊ ဝီရိယ ထက်သန်စွာနဲ့ မဆုတ်မနစ် တစိုက်မတ်မတ် လုပ်ဆောင်တက်ဖို့ လိုသလို မတော်လို့များ ကျရှုံးခြင်းတွေ ရင်ဆိုင်ကြုံတွေ့ရချိန်မှာလည်း ဒူးမထောက် လက်မမြောက်လိုက်ဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘဝမှာ အောင်မြင်ချင်ရင် သိထားရမယ့် အဓိက အချက်လေးတွေကို ပြောပြပေးသွားပါမယ်။

(၁) Passion ကို ရှာပါ

find a passion
Photo : You Must Learn NLP

ဘဝမှာ အောင်မြင်မှု ရဖို့အတွက် ကိုယ့် Passion ကိုတော့ ကိုယ်တိုင် ရှာဖွေသိရှိထားဖို့ လိုပါမယ်။ အလုပ်တစ်ခု ၊ နယ်ပယ်တစ်ခုမှာ ငွေရရုံနဲ့လည်း မအောင်မြင်နိုင်ပါဘူး။ တကယ်ဝါသနာပါပြီး စိတ်အားထက်သန်မှု အပြည့်ရှိနေမှသာ ရေရှည်အောင်မြင်မှုကို ရရှိနိုင်မှာပါ။ ကိုယ့် Passion ကို ရှာတွေ့ဖို့က ခက်ကောင်းခက်ပါလိမ့်မယ်။ ဒါပေမယ့် Passion ကိုရှာမတွေ့မချင်း စာအုပ်တွေများများဖတ်တာ ၊ ကိုယ့်ကိုယ်ကိုယ် လေ့လာဆန်းစစ်တာတွေ လုပ်ရပါမယ်။ Passion ရှာတွေ့သွားပြီဆိုတာနဲ့ နောက်ကကြိုးစားအားထုတ်မှု ထပ်ပေါင်းထည့်လိုက်ရင် သေချာပေါက် အဲ့ဒီနယ်ပယ်တစ်ခုမှာ အောင်မြင်မှာပါ။

(၂) ခြေလှမ်းငယ်လေးတွေကို အာရုံစိုက်ပါ

goals
Photo : Flying Elephant

စာရေးသူတို့ဟာ ဘဝမှာ အောင်မြင်မှုလိုချင်ရင် အဆုံးသတ် ပန်းတိုင် ရလဒ်တွေကိုပဲ အာရုံစိုက်နေလို့ မရပါဘူး။ အောင်မြင်မှုရရှိဖို့ လိုအပ်တဲ့ ခြေလှမ်းငယ်လေးတွေကိုလည်း သတိပြုရပါမယ်။ အောင်မြင်မှု ဆီသို့ သွားရာလမ်းတစ်လျှောက်မှာ သင်လျှောက်လှမ်းတဲ့ ခြေလှမ်းတိုင်းဟာ သင့်ရဲ့ အနာဂတ်ပန်းတိုင်တွေနဲ့ စိန်ခေါ်မှုတွေအတွက် အသုံးချနိုင်မယ့်အကောင်းဆုံး သင်ခန်းစာတွေကို သင်ကြားပေးနိုင်မှာ ဖြစ်တာကြောင့် ခရီးလမ်းတစ်လျှောက်က အောင်ပွဲသေးသေးလေးတွေ ၊ အခက်အခဲတွေကို ကျော်လွှားခဲ့ပုံတွေကို သေချာအာရုံစိုက်ပြီး အဆုံးသတ် ပန်းတိုင်ဆီ ဆက်လက်လျှောက်လှမ်းဖို့ အကြံပြုချင်ပါတယ်။

(၃) အကောင်းမြင်နိုင်အောင် တွေးပါ

think positively
Photo : Weljii

အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို ထားရှိတာဟာ အောင်မြင်မှု ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့အတွက် အားအင်တစ်ခုပါပဲ။ ဘဝမှာ အဆိုးရော အကောင်းရော ကြုံရနိုင်တာပဲ မဟုတ်လား။ အဆိုးဆုံး ဆိုတဲ့ အခြေအနေမျိုး ကြုံလာရရင်တောင်မှ အကောင်းဘက်ကနေ ရှုမြင်နိုင်တဲ့ စိတ်မွေးတာဟာ အခက်အခဲတွေ ၊ လက်လျော့ချင်တဲ့ စိတ်တွေကို ကျော်လွန်ပြီး ပန်းတိုင်တွေဆီ အကောင်းဆုံး ဆက်လက်လျောက်လှမ်းနိုင်ဖို့အတွက် ခွန်အားတွေကို ရရှိစေမှာ ဖြစ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ရိုးသားပါ

be honest with yourself

Photo : Tracking Happiness

ဘဝမှာ စစ်မှန်တဲ့ အောင်မြင်မှု ကိုရချင်ရင် ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့ အရေးကြီးပါတယ်။ ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိရှိနားလည် သဘောပေါက်ထားပြီး ကိုယ်လုပ်နေတဲ့အရာတွေအပေါ်မှာလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရိုးသားမှုအပြည့်အဝ ရှိနေရပါမယ်။ သင့်အနေနဲ့ ဘာလိုအပ်ချက်တွေ ရှိနေလဲ ၊ ဘယ်အရာတွေက သင့်ကိုကြောက်စိတ်ဖြစ်ပေါ်စေသလဲ စသည်ဖြင့် ဆန်းစစ်ပါ။ လိုအပ်တဲ့ ကွက်လပ်တွေကို ဖြည့်တင်းဖို့လိုသလို ကြောက်စိတ်ကိုကျော်လွှားပြီး စိန်ခေါ်ရဲတဲ့ သတ္တိကို မွေးမြူနိုင်မှသာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းမှာတော့ အားနည်းချက်တွေ ၊ လိုအပ်ချက်တွေ ရှိကြတာပါပဲ။ ကိုယ့်အားနည်းချက်တွေကို သိရှိပြီး ပြင်ဆင်မယ်ဆိုရင်တော့ အကောင်းဆုံး ရလဒ်ထွက်ပေါ်လာစေမှာ ဖြစ်ပါတယ်။

Source : Indeed

Featured Photo : Everypixel.com