အော်ဂဲနစ် အစားအစာ ဆိုတာဟာ အန္တရာယ်ရှိတဲ့ ပိုးသတ်ဆေးတွေ ၊ ဓာတ်ရောင်ခြည်နည်းတွေ ၊ ဓာတ်မြေသြဇာတွေနဲ့ အခြားသော ဓာတုပစ္စည်းတွေ အသုံးမပြုဘဲ သဘာဝနည်းအတိုင်း စိုက်ပျိုးထုတ်လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ဆိုလိုပါတယ်။ အခုခေတ်မှာ ကျန်းမာရေးကို အလေးထား လိုက်စားလာကြတာနဲ့အမျှ အော်ဂဲနစ် အစားအစာ တွေ စားသုံးတဲ့ အလေ့အထကလည်း တစ်စထက်တစ်စ ကျယ်ပြန့်လာပါတယ်။
Photo : Genetic Literacy Project
အော်ဂဲနစ် အစားအစာတွေဟာ ကျန်းမာရေးအတွက် အထူးသင့်တော်သော်လည်း ကောင်းကျိုးဆိုးပြစ်လေးတွေတော့ ရှိနေဆဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အော်ဂဲနစ် အစားအစာ တွေ စားသုံးခြင်းရဲ့ အားသာချက် ၊ အားနည်းချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
အော်ဂဲနစ် အစားအစာတွေရဲ့ အားသာချက်များ
Photo : GoodTo
ဓာတုကင်းလွတ်တယ် – အော်ဂဲနစ် အစားအစာတွေဟာ သမားရိုးကျ စိုက်ပျိုးထုတ်လုပ်ထားတဲ့ အသီးအရွက် ၊ အစားအသောက်တွေနဲ့ မတူပါဘူး။ ၎င်းတို့မှာ ဓာတုဓာတ်မြေသြဇာ ၊ ဓာတုပိုးသတ်ဆေးနဲ့ ဓာတုနည်းပညာသုံး ကြာရှည်ခံပစ္စည်းတွေ လုံးဝမပါဝင်ပဲ သဘာဝနည်းအတိုင်း စိုက်ပျိုးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အော်ဂဲနစ် အစားအစာတွေ စားသုံးတာဟာ ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိစေပဲ ကျန်းမားရေးနဲ့ အထူးသင့်လျော်ပါတယ်။
အာဟာရတန်ဖိုးမြင့်မားတယ် – အော်ဂဲနစ် ထုတ်ကုန်တွေဟာ သဘာဝနည်းကို အခြေခံပြီး အဆင့်ဆင့် စိုက်ပျိုးထုတ်လုပ်ထားတဲ့အတွက် သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝပေါများစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အခြေခံအာဟာရတန်ဖိုးတွေကို လုံလောက်မျှတစွာ ထောက်ပံ့ပေးနိုင်ပါတယ်။
အရသာပိုကောင်းတယ် – သမားရိုးကျစိုက်ပျိုးထားတဲ့ အသီးအနှံအစားအစားတွေနဲ့ အော်ဂဲနစ် အစားအစာတွေမှာ သိသိသာသာ ကွဲပြားသွားစေတဲ့ အချက်က အရသာပိုင်းပါပဲ။ အော်ဂဲနစ်နည်းပညာနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ အစားအစာတွေဟာ အာဟာရဓာတ်ပြည့်စုံ ကြွယ်ဝစွာပါဝင်ပြီး အရသာပိုင်းမှာ သာလွန်ထူးကဲပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေဆိုရင် လတ်ဆတ်မှု သဘာဝအတိုင်း ချိုမြိန်တဲ့အရသာကို ခံစားရနိုင်ပါတယ်။ ဒါဟာ အော်ဂဲနစ် အစားအစာတွေမှာပဲ ရနိုင်တဲ့ အားသာချက်တစ်ခုပါ။
Hydrogenated Fat မပါဘူး – အော်ဂဲနစ် အစားအစာတွေ စားမယ်ဆိုရင် နှလုံးရောဂါအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ဟုတ်ပါတယ် အော်ဂဲနစ်ထုတ်ကုန်တွေမှာ ဟိုက်ဒရိုဂျင်ပါတဲ့ အဆီဓာတ် လုံးဝမပါဝင်တဲ့အတွက် နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။
ကလေးကျန်းမာရေးကို အထူးကောင်းမွန်စေတယ် – အော်ဂဲနစ် အစားအစာတွေဟာ ကလေးငယ်တွေကစလို့ သက်ကြီးရွယ်အိုအထိ အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အစားအစာ တစ်ခုပါ။ ဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ မဖြစ်မနေ စားသုံးသင့်ပါတယ်။ အော်ဂဲနစ် အစားအစာတွေက မိခင်ရော ဗိုက်ထဲက ကလေးရဲ့ကျန်းမာရေးအတွက်ကိုပါ အထူးကောင်းမွန်စေပါတယ်။ ကျွန်တော်တို့ တော်တော်များများ ကြားနေရတဲ့ မွေးရာပါကိုယ်အလေးချိန်နည်းခြင်း (ပေါင်မပြည့်ခြင်း) ၊ အော်တစ်ဇင်နဲ့ ကိုယ်လက်အင်္ဂါမွေးရာပါချို့ယွင်းချက်တွေဟာ မိခင်က စားသုံးလိုက်တဲ့ ဓာတုပစ္စည်းပါဝင်တဲ့ အစားအစာတွေကြောင့် အများဆုံးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အော်ဂဲနစ် အစားအစာတွေ စားပေးတာက မိခင်ရော ကလေးရဲ့ကျန်းမာရေးကိုပါ စိတ်ချရပြီး ကျန်းမာသန်စွမ်းတဲ့ သားသားမီးမီးလေးတွေ မွေးဖွားလာနိုင်မှာ ဖြစ်ပါတယ်။
အော်ဂဲနစ် အစားအစာတွေရဲ့ အားနည်းချက်များ
Photo : Supermarket News
ဈေးကြီးတယ် – သေချာပါတယ် အော်ဂဲနစ် အစားအစာ တွေဟာ သာမန်ထက် ဈေးနှုန်းအားဖြင့် ပိုကြီးတက်ပါတယ်။ အကြောင်းကတော့ အော်ဂဲနစ်စိုက်ပျိုးနည်းတွေဟာ အထွက်နှုန်းတိုးစေတဲ့ ဓာတုဓာတ်မြေသြဇာတွေ အသုံးမပြုတဲ့အတွက် သီးနှံထွက်နှုန်း နည်းပါးပါတယ်။ ပြောရရင် နည်းနည်းနဲ့ ကောင်းကောင်းသာ ရနိုင်တဲ့အတွက် ဈေးနှုန်းမှာ အော်ဂဲနစ်မဟုတ်တဲ့ အစားအစာတွေထက် ပိုကြီးသွားတာပါ။ ဒါ့အပြင် အော်ဂဲနစ်စိုက်ပျိုးနည်းတွေဟာ သမားရိုးကျစိုက်ပျိုးနည်းတွေထက် ကုန်ကျစရိတ်ပိုများတဲ့အချက်ကလည်း ထုတ်ကုန်တွေရဲ့တန်ဖိုးကို ကြီးသွားစေတာ ဖြစ်ပါတယ်။
မြန်မြန်ပျက်စီးလွယ်တယ် – အော်ဂဲနစ် အစားအစာ တွေ စားသုံးမယ်ဆိုရင် အချိန်အကြာကြီး ထားလို့မရတဲ့ ပြဿနာနဲ့တော့ ရင်ဆိုင်ရမှာသေချာပါတယ်။ အော်ဂဲနစ် အစားအစာတွေဟာ တခြားသော အစားအစာတွေလို ကြာရှည်ခံစေတဲ့ ဓာတုပစ္စည်းတွေမပါဝင်တဲ့အတွက် အချိန်ခဏလေးအတွင်းမှာ ညိုးနွမ်းပုပ်သိုးသွားစေမှာ ဖြစ်ပါတယ်။ အော်ဂဲနစ် အစားအစာတွေရဲ့ ထုံးစံကလည်း လတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိရှိ စားသုံးနိုင်ဖို့ အချိန်အကြာကြီး မထားပဲ ချက်ချင်းစားသုံးရတာ ဖြစ်ပါတယ်။
ရှာရခက်တယ် – အော်ဂဲနစ် အစားအစာ တွေရဲ့ အားနည်းချက်တစ်ခုကတော့ နေရာတိုင်းမှာ လွယ်လွယ်ကူကူ ဝယ်လို့မရနိုင်တာပါပဲ။ တခြားသော အစားအစာနဲ့ ဟင်းသီးဟင်းရွက်တွေလို နေရာမရွေး ၊ ဈေးမရွေး ဝယ်လို့ မရပါဘူး။ အော်ဂဲနစ် သီးသန့်စိုက်ပျိုးတဲ့ ခြံတွေ သို့မဟုတ် အချို့သော စူပါမားကတ်ကြီးတွေမှာပဲ ဝယ်လို့ရမှာဖြစ်ပါတယ်။
အခုမျှဝေပေးခဲ့တာကတော့ အော်ဂဲနစ် အစားအစာတွေ စားသုံးခြင်းရဲ့ ကောင်းကျိုးဆိုးပြစ် အချက်လေးတွေပဲ ဖြစ်ပါတယ်။ အော်ဂဲနစ် အစားအစာတွေဟာ ဓာတုကင်းစင်ပြီး ၊ သဘာဝပတ်ဝန်းကျင်နဲ့ ပိုမို သဟဇာတဖြစ်တဲ့အပြင် အာဟာရတန်ဖိုးမြင့်မားပြီး အရသာလည်း ပိုမိုကောင်းမွန်တဲ့အတွက် ကျန်းမာရေးကို အလေးထားသူတွေ ရွေးချယ်စားသုံးလာတဲ့ အစားအစာတစ်မျိုး ဖြစ်လာပါတယ်။ တဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း ဈေးနှုန်းမြင့်မားခြင်း ၊ လွယ်လွယ်ကူကူ ဝယ်လို့မရခြင်း ၊ ကြာကြာအထားမခံခြင်းတွေဟာလည်း ပြဿနာတစ်ခု ဖြစ်နေပြန်ပါတယ်။ အော်ဂဲနစ် အစားအစာတွေ စားမလား ၊ အော်ဂဲနစ်မဟုတ်တဲ့ အစားအစာတွေပဲ စားမလားဆိုတာကတော့ စာဖတ်သူရဲ့ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ပြီး ဘယ်လိုအစားအစာတွေပဲစားစား ပိုးမွှားကင်းစင်သန့်ရှင်းအောင် အရင်ဆုံးဆေးကြောသန့်စင်ပြီးမှ ကျန်းမာရေးနဲ့အညီ ချက်ပြုတ်စားသောက်ဖို့ အကြံပြုလိုက်ပါတယ်။
Featured Photo : HelpGuide.org