ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာ ကတော့ ဂရီမီယိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပါပြီ။ အသက် ၃၅ နှစ်အရွယ် ဘရာဇီးသားဟာ ဘိုတာဖိုဂိုအသင်းမှာ ၄ လကြာ ကစားပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလက လမ်းခွဲခဲ့တာပါ။ ဒီယေဂို ကော်စတာဟာဇန်နဝါရီ အပြောင်းအရွှေ့ကာလကို အသင်းလက်မဲ့ဘဝနဲ့ ကုန်ဆုံးခဲ့ပြီး ဒီအတောအတွင်း ဘရာဇီးကလပ် ပါလ်မီရက်စ်နဲ့ ချိတ်ဆက်မှု ရှိခဲ့ပါတယ်။

 Diego Costa

Photo : Goal.com

ဒါပေမယ့် အခုအချိန်မှာတော့ ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျှောက် ၁၂ သင်းမြောက် ကလပ်ဖြစ်လာမယ့် ဂရီမီယိုအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ အီတလီအားကစားသတင်းထောက် ဖာဘရီဇီယိုရိုမန်နိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီယေဂို ကော်စတာဟာ ဘိုတာဖိုဂိုအသင်းကို မပြောင်းရွေ့မီ အက်သလက်တီကို မီနီရိုနဲ့ ဝုဗ်အသင်းတွေမှာ ၂ နှစ်ခွဲကြာ ကစားခဲ့ပြီး ပြီးခဲ့တဲ့ နောက်ဆုံး ၃ ရာသီအတွင်း ပြိုင်ပွဲစုံ ၆၆ ပွဲမှာ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဝုဗ်အသင်းအတွက် ၂၅ ပွဲကစားထားရာမှာ ပရီးမီးယားလိဂ်သွင်း ၁ ဂိုးသာ စွမ်းဆောင်နိုင်ခဲ့တာပါ။

ဒီယေဂို ကော်စတာ ဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလား ၊ ကိုပါဒယ်ရေးဖလားနဲ့ ယူအီးအက်ဖ်အေစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ အက်သလက်တီကို မက်ဒရစ်ကနေ ချဲလ်ဆီးအသင်းကို ပေါင် ၃၂ သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ၊ လိဂ်ဖလား ၁ ကြိမ်အပါအဝင် ဆုဖလား ၃ လုံးကို ဆွတ်ခူးနိုင်ခဲ့ကာ ခြင်္သေ့ပြာတို့အတွက် ပွဲပေါင်း ၈၃ ပွဲ သွင်းဂိုး ၅၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ရွှေရောင်လွှမ်းတဲ့ နှစ်တွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Diego Costa

Photo : The Guardian

ထို့နောက် ၂၀၁၈ ခုနှစ်မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ယူရိုပါလိဂ်နဲ့ စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နိုင်ငံလက်ရွေးစင် ကစားသမားဘဝမှာတော့ ဘရာဇီးအတွက် ၂ ပွဲကစားပေးခဲ့ပြီး စပိန်အသင်းအတွက် ၂၄ ပွဲ သွင်းဂိုး ၁၀ ဂိုး စွမ်းဆောင်ပေးခဲ့ကာ ၂၀၁၈ ခုနှစ်မှာတော့ စပိန်လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : The US Sun