ဒီလောကမှာ လူသားတိုင်း လိုချင်တောင့်တပေမယ့် လူသားတိုင်း မရနိုင်တဲ့ အရာတစ်ခုရှိပါတယ်။ ထိုအရာကတော့ ပျော်ရွှင်မှုပဲဖြစ်ပါတယ်။ ဘာ့ကြောင့် လူသားတွေက ပျော်ရွှင်မှုကို မပိုင်ဆိုင်နိုင်ရသလဲဆိုရင်တော့ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းဥစ္စာများနဲ့ မကျေနပ် မတင်းတိမ်နိုင်လို့ပါပဲ။ တကယ်လို့ ကွီးတို့က ဒီ ၂၀၂၄ မှာ ပိုမို ပျော်ရွှင် ရတဲ့ သူတစ်ယောက်အဖြစ် ဘဝကြီးကို ပျော်ပျော်ကြီး ဖြတ်သန်းပစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် အချက် (၅) ချက်ကို နေ့တိုင်း ကျင့်သုံးဖို့ လိုအပ်ပါလိမ့်မယ်။
ကွီးတို့ကို ၂၀၂၄ မှာ ပိုမို ပျော်ရွှင် ရတဲ့ သူတစ်ယောက်အဖြစ် ကူညီပေးမယ့် အချက် (၅) ချက်ကလည်း ခက်ခက်ခဲခဲ အချက်ကြီးတွေ မဟုတ်ပါဘူး။ ကွီးတို့ လိုက်လုပ်နိုင်တဲ့ အချက်တွေပါပဲ။
(၁) အရာရာတိုင်းမှာ ကျေးဇူးတင်တတ်ဖို့ မမေ့ပါနဲ့
Photo : Forbes
အရာရာတိုင်းမှာ ကျေးဇူးတင်တတ်တဲ့ စိတ်က ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ တစ်နေ့တာလုံးမှာ ကျေးဇူးတင်စရာ ကောင်းတဲ့အချက်များကို ချရေးတတ်တဲ့ သူတွေက ပိုမို ကျန်းမာကြတယ်၊ ပိုမို တက်ကြွ လန်းဆန်းကြတယ် ၊ စိတ်ဖိစီးမှုများလည်း ပိုမို ကင်းဝေးပြီး ပိုမို နှစ်ခြိုက်စွာ အိပ်မောကျကြတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ ဒါ့ကြောင့် ကွီးတို့က ဘယ်လောက်ပဲ သေးငယ်တဲ့အရာပဲ ဖြစ်နေပါစေ ကျေးဇူးတင်တတ်ဖို့ လိုအပ်ပါတယ်။
(၂) ကိုယ့် ဘေးပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ် ရှိသူများနဲ့သာ ဝန်းရံထားပါ
Photo : Forbes
ပျော်ရွှင်မှုက ကူးစက်တတ်ပါတယ်။ ဟားဗတ်ဒ် တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာချက်များအရ ပျော်ရွှင်တဲ့ သူငယ်ချင်းတစ်ယောက် ၊ အကောင်းမြင်တတ်တဲ့ သူငယ်ချင်း တစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းက ကွီးတို့ရဲ့ ပျော်ရွှင်မှုကို ၉ ရာခိုင်နှုန်းခန့် မြန်မြန် မြင့်တက်လာအောင် ကူညီပေးနိုင်ကြောင်း သိရှိရပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့ရဲ့ ဦးနှောက်က ထိုသူငယ်ချင်းရဲ့ ပျော်ရွှင်မှု ၊ အကောင်းမြင်မှုကို တုပဖို့ရန် လှုံ့ဆော်လိုက်လို့ပဲ ဖြစ်ပါတယ်။
(၃) ကြင်နာတတ်ပါစေ
Photo : Greatergood.berkeley.edu
လေ့လာချက်များအရ အခြားသူတစ်ယောက်အတွက် ကိုယ့်ရဲ့ ပိုက်ဆံကို သုံးလိုက်ခြင်းက ကိုယ့်အတွက် သုံးလိုက်ခြင်းထက် ပိုပြီး ကျေနပ် ပီတိ ဖြစ်စေတယ်ဆိုတာကို သိရှိရပါတယ်။ ပိုက်ဆံ ပေးကမ်း စွန့်ကြဲမှ ကြင်နာမှုကို ဖော်ပြလို့ရတာ မဟုတ်ပါဘူး။ ပိုက်ဆံ မသုံးဘဲနဲ့လည်း ကြင်နာမှုကို ဖော်ပြလို့ရပါတယ်။ ဥပမာ ကိုယ့်အနောက်မှာ ကပ်ပါလာတဲ့သူအတွက် တံခါး ဖွင့်ပေးထားတာမျိုး ၊ စားပွဲထိုး ၊ တက္ကစီသမား စသူတို့ကို ကျေးဇူးတင်ပါတယ် လို့ ပြောလိုက်တာမျိုး အစရှိတဲ့ အပြုအမူများကလည်း ကွီးတို့ကို ကြင်နာတတ်သူဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာများပဲ ဖြစ်ပါတယ်။
(၄) မိသားစုများ၊ သူငယ်ချင်း မိတ်ဆွေများနဲ့ အချိန်များများ ကုန်ဆုံးပါ
Photo : Green Queen
သူငယ်ချင်း ၊ မိတ်ဆွေများ ၊ မိသားစုဝင်များက ကွီးတို့ရဲ့ ဘဝကို ကယ်တင်ပေးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခြားသူများနဲ့ ပေါင်းသင်းဆက်ဆံမှု မရှိတဲ့သူက တစ်နေ့လျှင် စီးကရက် ၁၅ လိပ်ခန့် သောက်တဲ့သူလိုပဲ ကျန်းမာရေး မကောင်းသလို ၊ အဝလွန်တဲ့ သူထက်လည်း ကျန်းမာရေး နှစ်ဆ ပိုမို ဆိုးရွားတတ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့က ဘယ်လောက်ပဲ အလုပ်များနေပါစေ ကိုယ် ချစ်ရတဲ့သူတွေအတွက် အချိန်ပေးဖို့လည်း မမေ့ပါနဲ့။
(၅) ကိုယ့်ရဲ့ ငွေတွေကို အရာဝတ္ထုပစ္စည်းများထက် အတွေ့အကြုံများပေါ်တွင် ရင်းနှီးမြှုပ်နှံပါ
Photo : StyleCraze
လေ့လာချက်များအရ ကွီးတို့ရဲ့ ငွေတွေကို အရာဝတ္ထုပစ္စည်းများထက် အတွေ့အကြုံများပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်းက ကွီးတို့ကို ပိုမိုပျော်ရွှင်စေတယ်လို့ ဖော်ပြထားပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့က ရရှိလာတဲ့ အတွေ့အကြုံတွေကို မှတ်မိနိုင်စွမ်းက ပိုမိုအချိန်ကြာမြင့်ပြီး ပျော်ရွှင်မှုကို ပိုပြီး ဖန်တီးပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ နောက်ဆုံးပေါ် ဘရန်းဒက် ပစ္စည်းတွေ ဝယ်မယ့်အစား ခရီးထွက်ပါ။ ပါတီပွဲ ကျင်းပပါ။ ထိုအတွေ့အကြုံများကြောင့် ရရှိလာတဲ့ ပျော်ရွှင်မှုက တစ်ဘဝစာလုံး အတွက်ပါပဲ။
ကွီးတို့ရော အခု နှစ်သစ်မှာ ပျော်ရွှင်အောင် ဘဝကို ဘယ်လိုမျိုး ဖြတ်သန်းဖို့ စဥ်းစားထားပါသလဲ။
Source : Denverhealthmedicalplan
Featured Photo : Wallpapercave