လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေထဲမှာ ကွီးတို့ရဲ့ ဖွားဖက်တော် ညီလေးဟာ တော်ရုံ ကဂျီကချောင် မကျတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။ အခြားသော ခန္ဓာကိုယ် အတွင်း/အပြင် ကိုယ်အင်္ဂါတွေ ထက်ကိုပိုပြီး ကျန်းမာတယ် ၊ သန်စွမ်းတယ်လို့ ပြောရမှာ ဖြစ်သလို အလွယ်တကူ ထိခိုက်ပျက်စီးတာ ၊ တော်ရုံ နေထိုင်မကောင်း ဖြစ်တာတွေ မရှိပါဘူး။ ဒီလို ကဂျီကချောင်ကျတာ မရှိတဲ့ ကွီးတို့ရဲ့ ညီလေး အငယ်ကောင်လေး ကို တစထက်တစ ပျက်စီးယို့ယွင်းလာစေမယ့် အလေ့အကျင့်ဆိုးတွေတော့ မလုပ်မိအောင် ရှောင်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေရဲ့ ဖွားဖက်တော်ကို ထိခိုက်စေနိုင်တဲ့ အလေ့အကျင့်တွေအကြောင်း ကွီးတို့ သတိထားရှောင်နိုင်ဖို့ ပြောပြပေးချင်ပါတယ်။
(၁) ထိပ်အရေပြားလည်း မဖြတ် ထိပ်ဖူးအောက်ကိုလည်း သေချာမဆေး
Photo : Hello Doctor Philippines
ကွီးတို့ရဲ့ ညီလေး သန့်ရှင်းကျန်းမာနေစေဖို့အတွက် နေ့စဉ်ပုံမှန် စနစ်တကျ ဆေးကြောသန့်စင်ပေးဖို့က နံပါတ်တစ် အရေးကြီးပါတယ်။ ဒီနေရာမှာ ပိုပြီး သတိထားရမယ့်သူတွေကတော့ လိင်တံထိပ် အရေပြား ဖြတ်တောက်ထားခြင်းမရှိတဲ့ အမျိုးသားတွေပါ။ လိင်တံထိပ် အရေပြား ဖြတ်မထားဘူးဆိုရင် လိင်တံထိပ်ဖူးအောက်မှာ အဆီတွေ အညစ်အကြေးတွေ စုပုံနေတက်ပြီး အနံ့အသက်ဆိုးတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အများကြီး ခိုးအောင်နေနိုင်ပါတယ်။ ဒါကြောင့် လိင်တံထိပ် အရေပြား ဖြတ်တောက်ထားခြင်းမရှိတဲ့ အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ အငယ်ကောင် ထိပ်ဖူးအောက်ကို သေချာလေး ဆေးကြောသန့်စင်ပေးဖို့ လိုပါလိမ့်မယ်။
(၂) ချွေးထွက်များအောင် လုပ်ပြီးနောက် မေ့မေ့ပျောက်ပျောက်
Photo : GQ
ကွီးတို့ရဲ့ လိင်အင်္ဂါတဝိုက်ဟာ ပူနွေးစိုစွတ်ပြီး ချွေးအောင်းလို့ကောင်းတဲ့ အရေပြား ဧရိယာတစ်ခုပါ။ အကယ်၍ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် ၊ စက်ဘီးတာလို ချွေးထွက်များစေတဲ့ လှုပ်လှုပ်ရှားရှား Activities တစ်ခုခုကို လုပ်ဆောင်ပြီးချိန်မှာဖြစ်ဖြစ် တင်းကြပ်တဲ့ အတွင်းခံဘောင်းဘီတွေ ၊ အားကစားဝတ်စုံတွေကို ချက်ချင်းမချွတ်ပဲ နာရီနဲ့ချီ ဆက်ဝတ်ထားမယ်ဆိုရင် ကွီးတို့ရဲ့ ညီလေးအတွက် လုံးဝ Danger ပါပဲ။ များသောအားဖြင့် တင်းကြပ်တဲ့ စက်ဘီးစီးဘောင်းဘီ သို့မဟုတ် ခပ်ကြပ်ကြပ် အတွင်းခံဘောင်းဘီတွေဟာ ချွေးစိုပြီးရင် နောက်ထပ်နာရီပေါင်းများစွာအထိ အပူနဲ့ အစိုဓာတ်ကို ဆက်ထိန်းထားနိုင်ပါတယ်။ ဒီလို ချွေးအောင်းလို့ကောင်းတဲ့ ဘောင်းဘီတွေကို ချွေးများများထွက်ပြီးနောက်မှာ ဆက်ဝတ်ထားမယ်ဆိုရင် ကွီးတို့ရဲ့ ကန့်သတ်ဧရိယာတဝိုက်မှာ မှိုနဲ့ ဘက်တီရီးယား ကောင်းကောင်းကြီး ပေါက်ဖွားရှင်သန်ဖို့အတွက် အထောက်အကူ ဖြစ်နေစေမှာပါ။ ဒါကြောင့် ချွေးထွက်များတဲ့ လှုပ်ရှားမှုတွေ လုပ်ပြီးနောက်မှာ အားကစားဘောင်းဘီနဲ့ အတွင်းခံဘောင်းဘီတွေကို မေ့မေ့ပျောက်ပျောက် ဆက်ဝတ်ထားမျိုး အထူးရှောင်ကြဉ်သင့်ပါတယ်။
(၃) မာကြီးရှည် ဆေးကောင်းကြီးတွေကို အကြွင်းမဲ့ယုံ
Photo : Medical News Today
အွန်လိုင်းပေါ်မှာရောင်းနေတဲ့ ၂ ပတ်အတွင်း လိင်တံ ပိုကြီးပိုကိတ်စေတယ်ဆိုတဲ့ ပေါက်ကရလေးဆယ် လိမ်းဆေးတွေ ၊ ဆေးဝါးတွေကို ယုံကြည်ပြီး လက်တည့်စမ်းနေရင်တော့ ကွီးတို့ရဲ့ အငယ်ကောင်လေးအတွက် စိုးရိမ်စရာပါ။ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ကိုယ်တိုင် အတိအလင်း ပြောကြားထားပြီးသားပါ။ ဘယ်လို လိမ်းဆေး ၊ သောက်ဆေးတွေကမှ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ရဲ့ လိင်တံအရွယ်အစားကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။ သဘာဝနည်းအတိုင်း လိင်တံကောင်းမွန်စွာ ထောင်မတ်နိုင်ဖို့ ၊ လိင်တံပြည့်ပြည့်ဝဝ ထောင်မတ်နိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်တာ ၊ Diet လုပ်တာ ၊ သံလွင်ဆီ သို့မဟုတ် မုန့်ညှင်းဆီတို့လို သဘာဝဆီတွေ လိမ်းပြီး နှိပ်နယ်ပေးတာ စတဲ့ နည်းလမ်းတွေကသာ ဘေးကင်းပါတယ်။ ဘယ်လိုပါဝင်ပစ္စည်းတွေ ၊ ဖော်မြူလာတွေနဲ့ ထုတ်ထားမှန်းမသိတဲ့ လိမ်းဆေးသောက်ဆေးတွေကို ကွီးတို့ရဲ့ လိင်တံအပေါ် အလွယ်တကူ မတင်မိစေဖို့ သတိပေးချင်ပါတယ်။
(၄) အခြောက်တိုက်ကြီးမှ ပိုကောင်းတယ်တဲ့လား
Photo : twoplus Fertility blog
အတူနေချိန်မှာ လိင်အင်္ဂါတွေဟာ လုံလောက်တဲ့ စိုစွတ်မှုမရှိပဲ ထိုးသွင်းဆက်ဆံမှု လုပ်မယ်ဆိုရင် ပွန်းပဲ့တာ ၊ ရောင်ရမ်းနာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ကွီးတို့ အငယ်ကောင်လေး ရဲ့ အရေပြားဟာ နုနယ်ပြီး ထိရှလွယ်ပါတယ်။ စိုစွတ်မှု လုံလုံလောက်လောက်မရှိပဲ အခြောက်တိုင်ကြီး ထိုးသွင်းဆက်ဆံတဲ့အခါ လိင်တံအရေပြား စုတ်ပြဲတာ ၊ ပွန်းပဲ့ဒဏ်ရာတွေ ရနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှောတဲ့အခါ လိင်အင်္ဂါတွေ စိုစွတ်မှုကောင်းကောင်းရှိစေဖို့ အချိန်ယူနှိုးဆွတာ ဒါမှမဟုတ် ချောဆီ အသုံးပြုတာတွေကို မဖြစ်မနေ လုပ်ဆောင်ဖို့ လိုပါတယ်။
Source : BuzzFeed News
Featured Photo : BuzzFeed News