ကင်ချီ မြေလို့ ပြောလိုက်တာနဲ့ ကိုရီးယား မင်းသမီး အချောအလှလေးများ တည်ရှိရာ၊ အိုင်လ်ဒေါ နတ်သမီးလေးများ တည်ရှိရာ နေရာ ဆိုတာကို တန်းသိကြမှာပါ။ အခါအခွင့်သင့်လို့ ကင်ချီ မြေဆီ သွားရောက်ဖြစ်တဲ့အခါ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာ အချို့ရှိပါတယ်။
ထိုနေရာများကတော့…
(၁) ဆိုးလ်
တောင်ကိုရီးယားကို ခြေချလိုက်တာနဲ့ အသွားသင့်ဆုံး နေရာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့ပဲဖြစ်ပါတယ်။ ခေတ်မီတဲ့ စီးပွားရေး မြို့တော်တစ်ခုဖြစ်တဲ့အားလျော်စွာ ခေတ်ရှေ့ပြေးနေတဲ့ မိုးမျှော်တိုက်ကြီးများ၊ အဆင့်မြင့် နည်းပညာများနဲ့ ဆောက်လုပ်ထားတဲ့ မြေအောက်ရထားများ၊ ကိုရီးယား ပေါ့ ယဥ်ကျေးမှုဂီတရဲ့ အငွေ့အသက်များကိုပါ ခံစားရရှိမှာပဲဖြစ်ပါတယ်။
(၂) Gyeongbokgung နန်းတော်
ဒီနန်းတော်ကတော့ ဂျိုဆွန်းခေတ်တုန်းက ဘုရင်များ စံမြန်းရာ အဓိက နန်းတော်ကြီးပဲဖြစ်ပါတယ်။ ၁၃၉၅ ခုနှစ်က တည်ဆောက်ထားတာဖြစ်ပြီး ဆိုးလ်မြို့ရဲ့ မြောက်ဘက်စွန်းမှာ တည်ရှိပါတယ်။ မနက် ၉ နာရီဆိုတာနဲ့ နန်းတော်စဖွင့်ပြီမို့လို့ ထိုအချိန်မှာ သွားရောက်လည်ပတ်နိုင်ပါတယ်။ ဝင်ကြေးအနေနဲ့ကတော့ မြန်မာငွေ ၄ ထောင်ကျော ပေးချေရမှာဖြစ်ပါတယ်။
(၃) N Seoul တာဝါ
နမ့်ဆန်တာဝါ (သို့) N Seoul တာဝါလို့ အမည်ရတဲ့ မျှော်စင်ကြီးကတော့ ဆိုးလ်မြို့ရှိ Nam တောင်တန်းကြီးပေါ်တွင် ဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။ ထိုတာဝါကြီးသည် ၂၃၆ မီတာ မြင့်ပြီး ဆိုးလ်မြို့တွင် ဒုတိယအမြင့်ဆုံး အဆောက်အဦးတစ်ခုပဲဖြစ်ပါတယ်။ ၁၀ နာရီ ဒေါင်ဆိုတာနဲ့ အဆောက်အဦး စဖွင့်ပြီပဲဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ကတော့ မြန်မာငွေ ၃ သောင်း ဝန်းကျင် ပေးချေရမှာဖြစ်ပါတယ်။
(၄) Bukchon Hanok ရွာ
ဒီနေရာကလည်း ဆိုးလ်မြို့မှာ တည်ရှိတဲ့ ကမ္ဘာလှည့် ခရီးသွားများအကြား ရေပန်းစားတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာလေးမှာဆိုရင် ရှေးခေတ်က အိမ်ပုံစံများကို လက်ရာမပျက် ထိန်းသိမ်းထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ရှေးခေတ်အိမ်များ ရာကျော်တည်ရှိတဲ့ ရွာငယ်လေးတစ်ခုဖြစ်ပြီး ခရီးသွားများ စိတ်ဝင်စားအောင် ပြင်ဆင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဝင်ကြေးကတော့ ဖရီးပါ။
(၅) ကိုရီးယား အမျိုးသားပြတိုက်
ဒီပြတိုက်ကတော့ ၁၉၄၅ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး တောင်ကိုရီးယားလူမျိုးများရဲ့ ယဥ်ကျေးမှုနဲ့ အနုပညာကို တစ်စုတစ်စည်းတည်း လေ့လာမြင်တွေ့နိုင်ပါတယ်။ ၁၀ နာရီ ဆိုတာနဲ့ ပြတိုက် စဖွင့်ပြီဖြစ်ပြီး ဝင်ကြေးကလည်း ပေးစရာမလိုပါဘူး။
(၆) ဂျယ်ဂျူကျွန်း
ကင်ချီ မြေမှာ နောက်ထပ် နာမည်ကြီးတဲ့ နေရာ တစ်ခုကတော့ ဂျယ်ဂျူကျွန်းပဲဖြစ်ပါတယ်။ ကမ်းခြေချစ်သူများအနေနဲ့ တောင်ကိုရီးယားကို ရောက်ဖြစ်တယ်ဆိုရင် ဒီကျွန်းလေးဆီသို့ မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။ သဘာဝ အငွေ့အသက်များနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်တာကြောင့် လက်လွတ်မခံသင့်ပါဘူး။
(၇) ဘူဆန်
ဘူဆန်ကတော့ တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံး ဆိပ်ကမ်းမြို့ပဲဖြစ်ပါတယ်။ ဒီဆိပ်ကမ်းမြို့ကလေးဟာဆိုရင် လှပတဲ့ ကမ်းခြေများ၊ သဘာဝဆန်တဲ့ တောင်တန်းများ၊ စိတ်တည်ငြိမ် အေးချမ်းစေမယ့် ဘုန်းကြီးကျောင်းများ တည်ရှိပြီး ထိုနေရာတွေက ခရီးသွားတွေကို ဆွဲဆောင်နေတယ်ဆိုလည်း မမှားပါဘူး။
ကွီးတို့ရော ကင်ချီမြေကို ရောက်ဖြစ်တယ်ဆိုရင် ဘယ်နေရာတွေဆီ သွားရောက်လည်ပတ်ချင်ပါသလဲ။
Source: Thesimpletravel
Featured Image: Lonelyplanet