အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာ ပုံမှန်အားဖြင့်တော့ အနံ့အသက်တချို့ ရှိတက်ကြပါတယ်။ ဒါပေမယ့်လည်း အနံ့အသက်တွေက ပြောင်းလာတယ် တနည်းအားဖြင့် အနံ့ဆိုးတွေ ပိုပြင်းပြင်းထွက်လာနေပြီဆိုရင်တော့ သတိထားရမယ့် အကြောင်းအရင်း တစ်ခုခုရှိနေလို့ပါ။ များသော အားဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုမစိုက်တက်အခါမျိုးတွေမှာ လိင်အင်္ဂါ အနံ့ဆိုးတွေ ထွက်လာစေပြီး ရောဂါပိုးကူးစက်မှုတွေကို ဖြစ်စေတက်ပါတယ်။ ဒါ့အပြင် လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေ (STIs) ကလည်း အနံ့အသက်ဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတို့ရဲ့ ကန့်သတ်ဧရိယာ လိင်အင်္ဂါတဝိုက်မှာ အနံ့အသက်ဆိုးတွေထွက်ရတဲ့ အကြောင်းအရင်းတွေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးပါမယ်။

(၁) အဖြူအဖတ်တွေရှိခြင်း (Smegma)

ကန့်သတ်ဧရိယာ

Photo : Healthline

Smegma ဆိုတာကတော့ လိင်တံကို အစိုဓာတ်ထိန်းပေးတဲ့ သဘာဝချောဆီဖြစ်ပြီး အဆီနဲ့ဆဲလ်သေတွေကနေ တဆင့်ဖြစ်ပေါ်လာတဲ့ လိင်တံအရေပြားအောက်မှာက အဖြူရောင်အဖတ်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် လိင်တံထိပ်အရေပြား မဖြတ်ထားသူတွေမှာ ပိုအဖြစ်များပါတယ်။ ချွေးထွက်များတာ ဒါမှမဟုတ် လိင်တံကို ပုံမှန်ဆေးကြောသန့်စင်ခြင်း မလုပ်တဲ့အခါ ဘက်တီးရီးယားတွေ ပေါက်ပွားပြီး အနံ့အသက်ဆိုးတွေကို ထွက်ပေါ်လာစေပါတယ်။ ဒါကို မကုသပဲ ဒီတိုင်းဆက်ထားမယ်ဆိုရင်တော့ လိင်အင်္ဂါရောင်ရမ်းတာ သို့မဟုတ် ရောဂါပိုးဝင်တာတွေအထိ ဖြစ်နိုင်ပါတယ်။

Smegma တွေကို သန့်ရှင်းရေးလုပ်နိုင်မယ့် နည်းလမ်းကတော့ အရင်ဆုံး လိင်တံထိပ်အရေပြားကို နောက်ကိုဆွဲလှန်ပြီး လိင်တံထိပ်ဖျားကို ဆပ်ပြာအပျော့စားနဲ့ သေချာဆေးကြောသန့်စင်ပါ။ လိင်တံကို ဆပ်ပြာစင်အောင် ရေများများနဲ့ ဆေးကြောပြီးတာနဲ့ အဝတ်သန့်ကိုအသုံးပြုပြီး ခြောက်အောင်သုတ်ပါ။ လိင်တံကို ပွတ်တာ ၊ ကြမ်းကြမ်းတမ်းတမ်း သုတ်တာမျိုး မလုပ်ရပါ။ Smegma တွေကို ဆေးကြောပြီးတာနဲ့ အနံ့အသက်ဆိုးတွေ ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း လိင်တံကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးမယ်ဆိုရင် Smegma တွေကင်းစင်ပြီး ကန့်သတ်ဧရိယာ တဝိုက်မှာ အနံ့ဆိုးထွက်တဲ့ ပြဿနာရှိမှာ မဟုတ်တော့ပါဘူး။

(၂) ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)

ကန့်သတ်ဧရိယာ

Photo : K Health

ဆီးလမ်းကြောင်းကို ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အခါ Urinary Tract Infection (UTI) ဖြစ်ပွားတက်ပါတယ်။ UTI ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ လိင်ဆက်ဆံခြင်း ၊ ဆီးသွားတဲ့အခါ ဆီးကျန်ခြင်း ၊ ကျောက်ကပ်ကျောက်တည်ခြင်း ၊ ဆီးကျိတ်ကြီးခြင်း ၊ ဆီးချိုရောဂါနဲ့ ဆီးသွားပိုက် အသုံးပြုရခြင်းတို့ကြောင့် အဖြစ်များပါတယ်။ UTI ဖြစ်ပွားပါက ကန့်သတ်ဧရိယာ လိင်အင်္ဂါ တဝိုက်မှာ ငါးညှီနံလို အနံ့အသက်ဆိုးတွေ ထွက်တက်ပါတယ်။

လက္ခဏာတွေအနေနဲ့ကတော့ ဆီးမကြာခဏသွားချင်ပေမယ့် နည်းနည်းပဲ သွားတာ ၊ ဆီးသွားတဲ့အခါ ပူစပ်ပူလောင် ခံစားရတာနဲ့ ဆီးအရောင်ပြောင်းတာတို့ ဖြစ်တက်ပါတယ်။ ကွီးတို့အနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတယ်လို့ သံသယရှိပါက သို့မဟုတ် အနံ့အသက်ဆိုးတွေ ထွက်နေပါက ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

(၃) လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း (Balanitis)

ကန့်သတ်ဧရိယာ

Photo : Medical News Today

Balanitis ဆိုတာ အမျိုးသား လိင်အင်္ဂါထိပ်ဖျားမှာ နီရဲပြီး ရောင်ရမ်းလာတဲ့ အခြေအနေကို ခေါ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း ၊ Smegma များရှိခြင်း ၊ ရနံ့ပါတဲ့ဆပ်ပြာ ဒါမှမဟုတ် Body Washes တွေအသုံးပြုခြင်း ၊ ပိုးဝင်ခြင်း ၊ Psoriasis နဲ့ Eczema တို့လို အရေပြားအခြေအနေများ ဖြစ်ခြင်း စတာတွေကြောင့် Balanitis ဖြစ်စေနိုင်ပါတယ်။

Balanitis ခံစားရပြီဆိုတာနဲ့ လိင်တံတဝိုက်မှာ နီရဲယားယံခြင်း ၊ ရောင်ရမ်းခြင်း ၊ လိပ်တံအရေပြားအောက်မှာ အနံ့ဆိုးတဲ့အရည်တွေ ထွက်ခြင်း ၊ ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း စတာတွေဖြစ်တက်ပါတယ်။ Smegma နဲ့နည်းတူ လိင်အင်္ဂါထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ကုသနည်းကတော့ ရေချိုးတဲ့အခါ Epsom Salt ကိုအသုံးပြုပေးတာဟာ နာကျင်မှု သို့မဟုတ် ရောင်ရမ်းမှုမှန်သမျှကို သက်သာစေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေဟာ တစ်ရက် သို့မဟုတ် နှစ်ရက်ထက်ပိုကြာလာပါက ဆရာဝန်နဲ့သွားရောက် ပြသဖို့ လိုပါတယ်။

(၄) လိင်ကတဆင့် ကူးစက်တဲ့ရောဂါများ ခံစားရခြင်း

ကန့်သတ်ဧရိယာ
Photo : Women’s Health and Menopause Center

လိင်ကတဆင့်ကူးစက်တဲ့ရောဂါ (STI) တွေဖြစ်တဲ့ ဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ ကလာမိုင်းဒီးယားရောဂါ (Chlamydia) ရောဂါတွေဟာလည်း လိင်အင်္ဂါ တဝိုက် အနံ့ဆိုးထွက်ခြင်းနဲ့ လိင်အင်္ဂါ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အဓိကအားဖြင့်တော့ ရောဂါပိုးရှိသူရဲ့ လိင်အင်္ဂါ ၊ စအို သို့မဟုတ် ပါးစပ်တို့နဲ့ ထိတွေ့ဆက်ဆံမိခြင်းကနေ ကူးစက်နိုင်ပါတယ်။ ဆီးအရောင်ပြောင်းတာ ၊ လိင်အင်္ဂါ တဝိုက်ယားယံတာ ၊ ဝှေးစေ့နာကျင်တာ ၊ ရောင်ရမ်းတာ ၊ အနံ့ဆိုးထွက်တဲ့ အရည်များထွက်တာ စတဲ့ လက္ခဏာတွေ ပြတက်ပါတယ်။ STI သံသယရှိပါက ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ကုသမှု ခံယူဖို့ လိုပါတယ်။

အခုပြောပြပေးခဲ့တာကတော့ အမျိုးသားတို့ရဲ့ ကန့်သတ်ဧရိယာ လိင်အင်္ဂါတဝိုက်မှာ အနံ့အသက်ဆိုးတွေထွက်စေတဲ့ အကြောင်းအရင်းတချို့နဲ့ ကုသနည်းတချို့ ဖြစ်ပါတယ်။ အဓိကအားဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားပြီး လိင်ဆက်ဆံတဲ့အခါမှာ Safe Sex ဖြစ်အောင် အကာအကွယ်သုံးတာကို လိုက်နာမယ်ဆိုရင်  လိင်နဲ့သက်ဆိုင်တဲ့ ရောဂါအခြေအနေတွေကို စိတ်ပူစရာမလိုတော့သလို အနံ့ဆိုးထွက်စေတဲ့ ပြဿနာတွေလည်း ကင်းစင်သွားမှာဖြစ်ပါတယ်။

Featured Photo : Male UltraCore