ဆောင်းအကုန် နွေအကူးရဲ့ အငွေ့အသက်တို့ လှိုင်လာတဲ့ မတ်လရာသီ ဝင်လာပြီ ဖြစ်ပါတယ်။ နွေရဲ့ အပူငွေ့ နဲ့ ဆောင်းရဲ့ လက်ကျန်နှင်းကြွင်းတို့ မွှေယှက်နေတဲ့ မတ်လမှာ ဖွားတဲ့ ကလေးတွေဟာ ပျော်ရွှင်တတ်ပြီး အကောင်းမြင်တတ်ကြတယ်လို့ ရာသီခွင် ဟောစာတမ်းတွေက ဖော်ပြကြပါတယ်။ မတ်လ မှာ မွေးဖွားသူတွေဟာ ရာသီခွင်အလိုအရ မိန် ( Pisces ) နဲ့ မိဿ ( Aries ) ဖွားတွေ ဖြစ်တတ်ကြပါတယ်။ မိန်ဖွားတွေဆို အကောင်းမြင်တတ် ၊ ရည်မှန်းချက် ကြီးမားပြီး သံဓိဌာန်ပြတ်သား ခိုင်မာသူတွေ ဖြစ်လေ့ရှိပြီး မိဿရာသီခွင်တွေကတော့ ထက်မြက် ပြီး စိတ်အားထက်သန်မှု ရှိတတ်ကြပါတယ်။ ရာသီခွင်အရ ထူးခြားမှုထဲမှာ နောက်ထပ်တစ်ခုက ဖန်တီးမှု ၊ အလုပ်အကိုင်ဘက် အောင်မြင်ကျော်ကြားမှု နဲ့ စိတ်နှစ် လုပ်တတ်မှုတွေလည်း ထည့်ပြောထားကြပါတယ်။ မတ်လဟာ နာမည်ကျော် အနုပညာရှင်နဲ့ အဆိုတော် တွေ မွေးဖွားတဲ့ လတစ်လလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂီတချစ်သူ ကွီး တို့သိထားသင့်တဲ့ မတ်လ မှာ မွေးဖွားခဲ့တဲ့ ကမ္ဘာကျော် အဆိုတော် တချို့နဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

(၁) ဂျက်စတင် ဘီဘာ

Justin Bieber

Photo: times of israel

၁၉၉၄ မတ်လ ၁ ရက်နေ့ ဖွား ကနေဒီယန်အဆိုတော် ဂျက်စတင် ဘီဘာဟာ ဒီနှစ်ထဲမှာ ၂၈ နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် မှာတင် ဂျက်စတင်ဘီဘာဟာ ကမ္ဘာကျော်အဆိုတော်အဖြစ် အောင်မြင်မှုတွေ တခဲနက် ပိုက်ထွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျက်စတင် ဘီဘာ ၁၄ နှစ်သားအရွယ်မှာ အမေရိကန်ထုတ်လုပ်ရေး အမှုဆောင်အရာရှိ စကူးတာ ဘရန်းက သူ့ရဲ့ ပါရမီကို တွေ့သွားခဲ့ပြီး RBMG Records နဲ့ စာချုပ်ချုပ် သီချင်းတွေ ထုတ်လုပ်လာခဲ့တာပါ။

သူ့အသက် ၁၅ နှစ်မှာ သီချင်း ၇ ပုဒ်ပါဝင်တဲ့ My World ဆိုတဲ့ အခွေထွက်လာခဲ့ပြီး ဂျက်စတင် ဘီဘာဟာ ကမ္ဘာသိအဆိုတော် အဖြစ် ရောက်လာခဲ့တာပါ။ နောက်တစ်နှစ် ၂၀၁၀ မှာ ထုတ်ခဲ့တဲ့ My World 2.0 အယ်လ်ဘမ်ဟာ US Billboard 200 မှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပြီး ၄၇ နှစ်အတွင်း Billboard ဇယားထိပ်ဆုံးရောက် အသက်အငယ်ဆုံး အမျိုးသားအဆိုတော် ဖြစ်လာခဲ့ပါတယ်။

My World 2.0 မှာ ပါတဲ့ Baby ဆိုတဲ့ သီချင်းဟာ တစ်ကမ္ဘာလုံးမှာ ပေါက်သွားခဲ့ပြီး အားလုံး လိုက်ဆိုရတဲ့ သီချင်းဖြစ်လာခဲ့သလို အမေရိကန်ရဲ့ အရောင်းရဆုံး သီချင်းအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂျက်စတင် ဘီဘာရဲ့ အောင်မြင်မှုဟာ တောက်လျှောက်ဆိုသလို အမြင့်ဆုံးကို ထိုးတက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒုတိယမြောက် အယ်လ်ဘမ် Under The Mistletoe ဟာ အမေရိကန်မှာ နံပါတ်တစ် အရောင်းရဆုံး အမျိုးသားအဆိုတော်တစ်ဘောက်ရဲ့ ပထမဆုံး ခရစ္စမတ် အယ်လ်ဘမ် ဖြစ်ခဲ့သလို တတိယအယ်လ်ဘမ် Believe မှာ သူ့ရဲ့ Dance-Pop ဘက် စမ်းသပ်ချက်တွေ မြင်တွေ့ခဲ့ရပြီး အသက် ၁၈ နှစ်အရွယ်မှာ သူဟာ အမေရိကန်ရဲ့ နံပါတ်တစ် အယ်လ်ဘမ် ၅ ချပ်ကို သီဆိုခဲ့တဲ့ အသက်အငယ်ဆုံးနဲ့ ပထမဆုံး အဆိုတော် ဖြစ်လာခဲ့ပါတယ်။

၂၀၁၃ – ၂၀၁၄ အတွင်းမှာ ဘီဘာရဲ့ဘဝ ပြဿနာတွေ ရှုပ်ထွေးလာခဲ့ပြီး တရားသဘောင်တွေလည်း ကြုံခဲ့တာကြောင့် အနုပညာလှုပ်ရှားမှုတွေ ခဏတန့်သွားခဲ့ပေမယ့် ၂၀၁၅ ကနေ စလို့ သူ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ သီချင်းတွေ ဖြစ်တဲ့ Love Yourself ၊ Sorry ၊ What Do You Mean? တို့နဲ့အတူ ပြန်မြင်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ မှာ သူ့ရဲ့ ဆဌမမြောက် စတူဒီယို အယ်လ်ဘမ် Justice ထွက်လာခဲ့ပြီး US Billboard 200 မှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ ဂျက်စတင် ဘီဘာဟာ သမိုင်းမှာ ရောင်းအားအမြင့်ဆုံး အနုပညာရှင်တွေထဲက တစ်ဦး ဖြစ်ခဲ့ပြီး စုစုပေါင်း အချပ်ရေ သန်း ၁၅၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုတော်တွေထဲမှာလည်း သူဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူ တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်အထိ သူ့ရဲ့ အသားတင် ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၂၈၅ သန်းကျော်မယ်လို့ ဆိုပါတယ်။

အနုပညာအောင်မြင်မှုအနေနဲ့ ဂရမ်မီဆု နှစ်ဆု ၊ လက်တင် ဂရမ်မီ တစ်ဆု ၊ Brit Awards နှစ်ခု ၊ Bambi Award တစ်ခု ၊ Billboard Music Awards ၂၁ ခု ၊ American Music Awards ၁၈ ခု ၊ MTV Europe Music Awards ၂၁ ခု ၊ MTV Video Music Awards ၆ ခု ၊ Teen Choice Awards ၂၃ ခုအပြင် ဂင်းနစ် ကမ္ဘာ့စံချိန် ၃၂ ခု ပါ ရထားပါတယ်။

(၂) ဂျွန် ဘွန်ဂျိုဗီ

jon bon jovi

Photo: cnn

အမေရိကန် ‌ရော့ခ်ဂီတအဖွဲ့ Bon Jovi ကို တည်ထောင်ခဲ့သူလည်း ဖြစ် ပင်တိုင်အဆိုတော်လည်း ဖြစ်တဲ့ နာမည်ကျော် ရော့ခ်ကာကြီး ဂျွန် ဘွန်ဂျိုဗီကို မတ်လ ၂ ရက် ၊ ၁၉၆၂ ခုနှစ်မှာ မွေးပါတယ်။ Bon Jovi Band နဲ့အတူ စတူဒီယို အယ်လ်ဘမ် ၁၅ ချပ် ထုတ်ခဲ့သလို Solo Albums လည်း နှစ်ချပ် ထွက်ခဲ့ပါတယ်။

ဘွန်ဂျိုဗီဟာ အသက် ၁၃ နှစ်သားက စလို့ သူ့ရဲ့ ပထမဆုံးအဖွဲ့ Raze မှာ ဂစ်တာနဲ့ ပီယာနိုတီးပြီး အနုပညာလောကထဲ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်မှာ ဒေးဗစ် ဘာရန်နဲ့ တွေ့ပြီး Atlantic City Expressway လို့ ခေါ်တဲ့ တီးဝိုင်းအဖွဲ့တစ်ခု ထောင်ခဲ့ပါတယ်။ နောက် The Wild Ones လို အဖွဲ့တွေနဲ့ တီးပါတယ်။ ၁၉၈၀ မှာ The Rest ဆိုတဲ့ Band တစ်ခု ထပ်ဖွဲ့ပါတယ်။ သူ့ရဲ့ အနုပညာလမ်းကြောင်းက အရှည်ကြီးလို့ ဆိုရမှာပါ။

အဆိုတော်အလုပ်အပြင် သီချင်းရေးတဲ့ တေးရေးဆရာလည်း လုပ်ခဲ့ပြီး ဘွန်ဂျိုဗီကို ၂၀၀၉ မှာ Songwriters Hall of Fame မှာ ထည့်သွင်း ဂုဏ်ပြုခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ်မှာ သူဟာ Billboard မဂ္ဂဇင်းရဲ့ ဂီတလောကထဲက ဩဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ နံပါတ်စဉ် ၅၀ က ဖော်ပြခံခဲ့ရပါတယ်။

ရုပ်ဖြောင့်တဲ့အတွက်ကြောင့် သူ့ကို People မဂ္ဂဇင်းက ၁၉၉၆ ခုနှစ်မှာ ရုပ်အချောဆုံးလူ ၅၀ စာရင်းထဲ ထည့်သွင်း ဖော်ပြခဲ့သလို ၂၀၀၀ ပြည့်နှစ်မှာ People ကပဲ Sexiest Rock Star ဆု ချီးမြှင့်ခဲ့ပါတယ်။ အခုဆို ဘွန်ဂျိုဗီဟာ အသက် ၆၀ ပြည့်သွားပြီ ဖြစ်ပါတယ်။ လူအနေနဲ့ ဇရာဘက်ကို ရောက်လာခဲ့ပေမယ့် Runaway ၊ In And Out Of Love ၊ Always ၊ Wanted Dead Or Alive စတဲ့ စတဲ့ သီချင်းတွေကတော့ ရော့ခ်ဂီတချစ်သူတို့အတွက် နုပျိုအရွယ်တင်ဆဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

(၃) အယ်လ်တန် ဂျွန်

Elton John

Photo: skynews

တစ်ခေတ်ဆို တစ်ယောက်လို့ ပြောရလောက်တဲ့ ဂီတ ဂန္ဓဝင်တွေထဲမှာ အင်္ဂလန် အဆိုတော် အယ်လ်တန် ဂျွန်လည်း ပါဝင်ပါတယ်။၁၉၄၇ ခုနှစ် မတ်လ ၂၅ ရက်ဖွား အယ်လ်တန် ဂျွန်ဟာ တေးရေး စာသားသွင်း ဘာနီး တောပင်နဲ့ တွဲပြီး အယ်လ်ဘမ် ၃၀ ထုတ်ခဲ့သလို ကမ္ဘာတလွှား အယ်လ်ဘမ်အချပ်ရေ သန်း ၃၀၀ ကျော်အထိ ရောင်းချနိုင်ခဲ့တဲ့ Best- Seller အဆိုတော်လည်း ဖြစ်ပါတယ်။

ကလေးဘဝကတည်းက စန္ဒယားတီးခဲ့ပြီး ၁၅ သား အရွယ်မှာ Bluesology ဆိုတဲ့ Blue Band တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။ အသက် ၂၀ အရွယ်မှာ တောပင်နဲ့ ဆုံဆည်းမိရာကနေ တခြားအနုပညာရှင်တွေအတွက် သီချင်းတွေ ရေးပေးခဲ့ပြီး အသက် ၂၂ နှစ်အရွယ်မှာ Empty Sky ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်ခဲ့ပါတယ်။ ဒုတိယအယ်လ်ဘမ်ဖြစ်တဲ့ Elton John အခွေမှာ ပါတဲ့ Your Song သီချင်းက အမေရိကန်နဲ့ အင်္ဂလန်မှာ သူ့ရဲ့ ပထမဆုံး ထိပ်ဆုံး သီချင်း ၁၀ ပုဒ် စာရင်းကို ပထမဆုံး ဝင်ခဲ့ရာကနေ အောင်မြင်မှုတွေ ဆက်တိုက် ရခဲ့တာ ဖြစ်ပါတယ်။

တော်ဝင်မိသားစုတွေနဲ့ နီးစပ်တဲ့ အယ်လန် ဂျွန်ဟာ တော်ဝင်အခမ်းအနားပွဲတွေမှာလည်း တက်ရောက်ဖျော်ဖြေမှုတွေ လုပ်ခဲ့ပါတယ်။ ဒီထဲမှာ ၁၉၉၇ ခုနှစ် ဝက်စ်မင်စတာ အက်ဘေးမှာ ကျင်းပတဲ့ ဝေလမင်းသားကတော် ဒိုင်ယာနာရဲ့ စျာပနအခမ်းအနား ၊ ၂၀၀၂ ခုနှစ်က အဲလီဇဘက် ဘုရင်မကြီးရဲ့ ရွှေဥတု ဖျော်ဖြေပွဲ Party At The Palace နဲ့ ၂၀၁၂ ခုနှစ် စိန်ရတု ပွဲတွေလည်း ပါဝင်ပါတယ်။

၁၉၈၈ ခုနှစ်မှာ ဂေးလ်အဖြစ် တရားဝင် ကြေညာခဲ့တဲ့သူဟာ ၂၀၀၅ ခုနှစ်မှာ ကနေဒီယန် ဒါရိုက်တာ ဒေးဗစ် ဖာနစ်ချ်နဲ့ လက်တွဲခဲ့ပြီး ၂၀၁၄ မှာ လက်ထပ်ထားပါတယ်။ UK Singles Chart နဲ့ US Billboard 100 တွေမှာ Top 40 အကြိမ် ၅၀ ကျော် ဝင်ခဲ့တဲ့ ဒီ ကမ္ဘာကျော် အဆိုတော်ကြီးဟာ အယ်လီဇဘက် ၂ ဘုရင်မကြီးရဲ့ သူကောင်းပြုမှု ခံရသလို ပြင်သစ်သမ္မတ အီမန်နူရယ် မာခရွန်ရဲ့ ပြင်သစ်ရဲ့ အမြင့်ဆုံး နိုင်ငံသားဆု Legion d’honneur ဆု ချီးမြှင့်မှုလည်း ရရှိထားပါတယ်။

အနုပညာဘက်ဆိုင်ရာ ဆုတွေအနေနဲ့ ဂရမ်မီ ၅ ဆု ၊ Brit Awards ၅ ခု တို့လည်း ရထားပါတယ်။ Rolling Stone က သူ့ကို Rock & Roll ခေတ်ရဲ့ ဩဇာအကြီးဆုံး အနုပညာရှင် ၁၀၀ စာရင်းမှာ အမှတ်စဉ် ၄၉ နေရာက ဖော်ပြခဲ့သလို ၁၉၉၂ ခုနှစ်မှာ Songwriters Hall of Fame နဲ့ ၁၉၉၄ မှာ Rock And Roll Hall Of Fame စာရင်းမှာ ထည့်သွင်းဖော်ပြခံရပါတယ်။

(၄) လေဒီ ဂါဂါ

Lady Gaga

Photo: USA Today

၁၉၈၆ ခုနှစ် မတ်လ ၂၈ ရက်ဖွား အမေရိကန် အဆိုတော် ၊ တေးရေးနဲ့ ရုပ်ရှင်မင်းသမီးတဖြစ်လဲ လေဒီ ဂါဂါ ဆိုရင် မသိသူ မရှိလောက်အောင် ကျော်ကြားပြီးသားပါ။ အထူးသဖြင့် လေဒီ ဂါဂါ ထွင်တဲ့ ဖက်ရှင်နဲ့ အနုပညာပုံရိပ်တွေက ပရိသတ်ကို ဟင်ခနဲ ဟာခနဲ ဖြစ်စေတယ်လို့ လက်ခံထားကြပါတယ်။ ၂၀၀၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Fame ဆိုတဲ့ စတူဒီယို အယ်လ်ဘမ်ထဲက Just Dance နဲ့ Poker Face သီချင်းတွေကနေ လေဒီ ဂါဂါဟာ ကမ္ဘာကျော် လာခဲ့တာပါ။

နောက်တစ်နှစ်မှာ ထွက်တဲ့ The Fame Monster မှာပါတဲ့ Bad Romance ၊ Telephone နဲ့ Alejandro သီချင်းတွေက အကြီးအကျယ် ပေါက်ခဲ့ပါတယ်။ နောက်ထွက်လာတဲ့ စတူဒီယိုအယ်လ်ဘမ် ၅ ချပ်စလုံးလည်း US Billboard 200 မှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အထိ လေဒီ ဂါဂါဟာ အခွေပေါင်း ၁၂၄ သန်း ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး အနုပညာရှင်စာရင်းမှာ ဝင်ခဲ့ပါတယ်။
အနုပညာဘက်ဆိုင်ရာ အောင်မြင်မှုတွေအနေနဲ့လည်း လေဒီ ဂါဂါ သိမ်းပိုက်ထားတဲ့ ဆုတွေ မနည်းပါဘူး။ဂရမ်မီဆု ၁၂ ဆု ၊ MTV Video Music Awards ၁၈ ခု ၊ ဂင်းနစ် ကမ္ဘာ့စံချိန် ၁၆ ခု အပြင် အနုပညာဘက်ဆိုင်ရာဆုတွေလည်း တသီကြီး ရခဲ့ပါတယ်။

(၅) အဲရစ် ကလက်ပ်တန်

Eric Clapton

Photo: rock celebrities

အင်္ဂလိပ် Rock & Blus အဆိုတော် ၊ ဂစ်တာသမား နဲ့ တေးရေးဆရာကြီး အဲရစ် ကလက်ပ်တန်ကို ခေတ်အဆက်ဆက် အရေးပါဆုံးနဲ့ ဩဇာအကြီးဆုံး ကမ္ဘာကျော် ဂစ်တာသမားတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ အခုချိန်မှာ ၇၆ နှစ် ပြည့်ခဲ့ပြီ ဖြစ်တဲ့ ဒီဂန္ဓဝင်ဂီတပညာရှင်ကြီးကို ကွယ်လွန်သူ Blues ဂစ်တာပညာရှင်နဲ့ အဆိုတော် B.B.King က ရော့ခ်အင်ရိုးရဲ့ နံပါတ်တစ် ဂစ်တာသမားလို့ တင်စားခြင်း ခံရသူလည်း ဖြစ်ပါတယ်။

၁၉၄၅ မတ်လ ၃၀ ရက်နေ့ ဖွား အဲရစ် ကလက်ပ်တန်ဟာ Rolling Stones ရဲ့ အကြီးကျယ်ဆုံး ဂစ်တာသမား ၁၀၀ စာရင်းမှာ ဒုတိယနေရာက ရှိပြီး Gibson’s ရဲ့ Top 50 Guitarists Of All Time မှာ စတုတ္ထနေရာက ဖော်ပြခံရသူလည်း ဖြစ်ပါတယ်။ Time မဂ္ဂဇင်းကတော့ သူ့ကို ၂၀၀၉ ခုနှစ်မှာ အကောင်းဆုံး အီလက်ထရစ်ဂစ်တာသမား ၁၀ ဦးစာရင်းမှာ နံပါတ် ၅ နေရာက ဖော်ပြထားပါတယ်။

Band အမျိုးမျိုးနဲ့ တွဲပြီး တီးခတ်ခဲ့သလို အောင်မြင်ကျော်ကြားလှတဲ့ တစ်ကိုယ်တော် Solo Albums တွေလည်း ထုတ်ခဲ့တာပါ။ ကလက်ပ်တန်ရဲ့ တစ်ကိုယ်တော်အခွေတွေဟာ ကမ္ဘာတစ်လွှား အချပ်ရေသန်း ၂၈၀ ကျော်အထိ ရောင်းချနိုင်ခဲ့သလို အနုပညာဘက်ဆိုင်ရာအနေနဲ့လည်း ဂရမ်မီ ၁၈ ဆု ချီးမြှင့်ခံထားရပါတယ်။

အဲရစ်ကလက်ပ်တန်ရဲ့ အောင်မြင်ကျော်ကြားလှတဲ့ သီချင်းတွေထဲမှာ Wonderful Tonight ၊ Tears In Heaven ၊ Old Love ၊ White Room ၊ Cocaine နဲ့ Badge သီချင်းတွေက ကမ္ဘာကျော် ပြီး လူကြိုက်များကြပါတယ်။

Featured Photo: rock celebrities