အာဆင်နယ် ကြယ်ပွင့်တိုက်စစ်မှူး ဘူကာယို ဆာကာ ကတော့ မနေ့ကထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ဂန်းနားတို့ရဲ့ ပွဲစဉ်ပထမပိုင်းမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ကွင်းထဲကနေ စောစီးစွာထွက်ခွာ သွားခဲ့ရပါတယ်။

Photo : Daily Mail

အသက် ၂၁ အရွယ် အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ အမ်းမရိတ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်ကို ၅ – ၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၂၇ မိနစ်မှာပဲ ပြိုင်ဘက်အသင်းကစားသမား လိုဒီရဲ့ ကြမ်းတမ်းစွာ ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ပြီး နည်းပြအာတီတာက အသင်းဖော်နယ်လ်ဆင်နဲ့ လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆာကာဟာ ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး အဆိုပါ ဒဏ်ရာရရှိခဲ့မှုဟာ အာဆင်နယ်အသင်းအတွက် သာမကပဲ လာမယ့် ၃ ပတ်အတွင်း ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဖွင့်ပွဲစဉ်ကစားဖို့ရှိနေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်း အတွက်ပါ စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

ဆာကာဟာ ပြီးခဲ့တဲ့နှစ်ရာသီမှာ အင်္ဂလန်အသင်းကို ယူရို -၂၀၂၀ ဖိုင်နယ်သို့ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဆောက်ဂိတ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ အကောင်းမွန်ဆုံး ပုံစံနဲ့ နိုင်ပွဲပေါင်း ၂၀ အထိ စွမ်းဆောင်ထားနိုင်ပြီး ဒီရာသီ ၁၇ ပွဲမှာ ၅ ဂိုးသွင်းယူကာ ၊ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ပေးထားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ဆာကာရဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သတ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိုးရိမ်စရာရှိလားလို့ နည်းပြအာတီတာကို မေးမြန်းခဲ့ရာမှာတော့ “ ဒီလိုဖြစ်မလာဖို့ မျှော်လင့်ရပါတယ်။ ဒါဟာ အတော်လေးကို ဆိုးရွားတဲ့ ကန်ချက်ပါ။ ပွဲစတင်ချိန်ကတည်းက သူ့ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်သွားခဲ့တာပါ။ ဒါပေမယ့် ဒီထက်ပိုပြီး ကျွန်တော်လည်း ဘာမှမသိသေးပါဘူး။ နောက်နှစ်ရက်အတွင်း သူ့အခြေအနေကို စောင့်ကြည့်သွားရမှာပါ ” လို့ ပြောခဲ့ပါတယ်။

Photo : Daily Mail

ဆာကာ ဟာ ကာတာမှာကျင်းပမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဒဏ်ရာရရှိခဲ့တဲ့ နောက်ဆုံး အင်္ဂလန်ကစားသမားဖြစ်ပြီး ရီစီဂျိမ်းဟာလည်း ယခုလအစောပိုင်းမှာရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့လွဲချော်ဖို့ သေချာသလောက်ရှိနေပေမယ့် ၎င်းရဲ့ ကမ္ဘာ့ဖလားအိပ်မက်ကို စွန့်လွှတ်ဖို့တော့ ငြင်းဆိုထားပါတယ်။

Featured Photo : The Sun