ကော်ဖီတွေကို နေရာအနှံမှာ စိုက်ပျိုးထုတ်လုပ်တာကြသလို ကမ္ဘာပေါ်က  လူကြိုက်အများဆုံး Brewed Drink တစ်မျိုးဆိုရင်လည်း မမှားပါဘူး။ ကော်ဖီမှုန့် ပေါင်တစ်ပေါင်နှုန်းကို ဂဏန်းလေးလုံးလောက်ထိရှိတဲ့ ကော်ဖီတွေဟာ ဈေးနှုန်းမြင့်မားတဲ့ တန်ဖိုးကြီးသောက်စရာတွေပါပဲ။ ဘရာဇီးကော်ဖီလို နာမည်ကြီးပြီး လူကြိုက်များတဲ့ကော်ဖီတွေကိုတော့ သန့်ရှင်းလတ်ဆတ်တဲ့ ကော်ဖီစေ့တွေနဲ့ ထုတ်လုပ်တဲ့ နေရာပေါ်မူတည်ပြီးတော့ အရည်အသွေး ကောင်းမကောင်း သတ်မှတ်ကြပါတယ်။ အခု ကွီးတို့ကို ပြောပြပေးမှာက ကမ္ဘာ့ဈေးအကြီးဆုံး လို့ သတ်မှတ် ထားတဲ့ကော်ဖီ ၄မျိုး အကြောင်းပါ။ စိတ်ဝင်စားရင် အောက်မှာ ဖတ်ကြည့်လိုက်ပါဦး။

(၁) Saint Helena: တစ်ပေါင် – ဒေါ်လာ ၁၄၅

Photo : Entabe

အတ္တလန္တိတ်တောင်ပိုင်းမှာရှိတဲ့ သေးငယ်ပြီး မထင်မရှား Saint Helena ကျွန်းလေးမှာ စိုက်ပျိုးထားတဲ့ Saint Helena ကော်ဖီကတော့ ရှားပါးကော်ဖီတစ်မျိုး ဖြစ်ပါတယ်။ ကော်ဖီမျိုးကို ယီမင်နိုင်ငံက ယူလာတာဖြစ်ပြီး Mocha လို့လည်း လူသိများပါတယ်။ ဒီကော်ဖီစေ့တွေက ကြီးထွားအောင်စိုက်ပျိုးဖို့ ခက်ခဲတဲ့အပြင် ကော်ဖီစေ့ရဲ့ သိမ်မွေ့မှုနဲ့ နူးညံ့တဲ့ကော်ဖီအရသာကြောင့် လူကြိုက်များပါတယ်။ ၂၀၁၆ မှာ Starbucks က Saint Helena ကော်ဖီစေ့နဲ့ ရောင်းတန်းဝင် ကော်ဖီထုတ်လုပ်ခဲ့ပြီး  ၈.၈ အောင်စတစ်အိတ်ကို ဒေါ်လာ ၈၀ ခန့်နဲ့ ရောင်းချခဲ့ပါတယ်။

(၂) Finca El Injerto: တစ်ပေါင် – ဒေါ်လာ ၅၀၀

Photo : Luxebook

ဒီဂွါတီမာလာနိုင်ငံထွက် Finca El Injerto ကော်ဖီကိုတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၅၀၀ ကျော်မြင့်တဲ့ ယခင်ကြံစိုက်ခင်းတစ်ခုမှာ စိုက်ပျိုးထားတဲ့ ကော်ဖီစိုက်ခင်းတစ်ခုက ရရှိတာ ဖြစ်ပါတယ်။ Finca El Injerto ကော်ဖီဟာဆိုရင် ကော်ဖီလေလံပွဲတစ်ခုမှာပါဝင်ခဲ့ပြီး ဈေးနှုန်း တစ်ပေါင်ကို ဒေါ်လာ ၅၀၀ ကျော်ထိ ဈေးရယူနိုင်ခဲ့ပါတယ်။ Kona နဲ့ ကမ္ဘာပေါ်ကအမိုက်စားကော်ဖီတွေလိုပဲ Finca El Injerto ကို ထူးခြားမွှေးပျံ့တဲ့ရနံ့ရှိအောင် ကော်ဖီစေ့တွေကို အပူချိန်တစ်ခုမှာထားပြီး ထုတ်လုပ်ထားတာဖြစ်ပေမယ့် ကော်ဖီအထုတ်ထဲမှာ ပမာဏအနည်းငယ်ပဲပါဝင်ပြီး တခြားကော်ဖီစေ့နဲ့ ရောစပ်ထားတာ ဖြစ်ပါတယ်။

(၃) Kopi Luwak: တစ်ပေါင် – ဒေါ်လာ ၆၀၀

Photo : DocumentaryTube

တန်ဖိုးကြီးဇိမ်ခံကော်ဖီအနေနဲ့ နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် Kopi Luwak ကော်ဖီစေ့တွေဟာ လူသိများတဲ့အတွက် ထုတ်လုပ်တဲ့ဒေသကိုတောင် တန်ဖိုးမြင့်ဒေသတခုစ် ဖြစ်လာစေခဲ့ပါတယ်။ Kopi Luwak ကော်ဖီဟာ ချယ်ရီသီးတွေကို အပူပိုင်းသစ်တောဌာနေဖြစ်တဲ့ ကြောင်ကတိုးတွေက စားပြီး ရလာတဲ့ စွန့်ထုတ်ပစ္စည်းကနေ ပြန်လည်သန့်စင်ထုတ်လုပ်ထားတဲ့ ကော်ဖီအမျိုးအစား ဖြစ်ပါတယ်။ ကြောင် ကတိုးတွေက အကောင်းဆုံးကော်ဖီစေ့တွေကိုပဲ ရွေးချယ်စားကြတဲ့အတွက် ကော်ဖီစေ့တွေရဲ့ အရည်အသွေးက ထူးခြားနေတာပါ။ အထွက်နှုန်းအနည်းဆုံးကော်ဖီအမျိုးအစားဖြစ်လို တခြားကော်ဖီတွေနဲ့မတူဘဲ ဈေးတော်တော်ကြီးပါတယ်။

(၄) Black Ivory : တစ်ပေါင် – ဒေါ်လာ ၁၅၀၀

Photo : EyeEm

Black Ivory ကော်ဖီကိုတော့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ထုတ်လုပ်ပြီး တစ်ပေါင်ကို ဒေါ်လာ ၁၅၀၀ လောက် တန်ဖိုးရှိပါတယ်။ Kopi Luwak ကော်ဖီလိုပဲ Black Ivory ကော်ဖီကို ဆင်တွေရဲ့ အစာခြေလမ်းကြောင်းထဲကို ဖြတ်သန်းသွားစေပြီးမှရလာတဲ့ အရသာကောင်းတဲ့ ကော်ဖီစေ့ကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဆင်တွေက ကော်ဖီစေ့တွေကို ကြိတ်ဝါးပြီးစားတတ်တဲ့အတွက် ကော်ဖီစေ့အတိုင်းပြန်ရဖို့မလွယ်လို  ကော်ဖီစေ့အထွက်နှုန်း အလွန်နည်းပါးတဲ့ ကော်ဖီမျိုးပါ။ ဒါပေမယ့် အရည်အသွေးအရမ်းကောင်းလို့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး ကော်ဖီလို့ သတ်မှတ်ထားကြပါတယ်။

Featured Photo : Kompas.com