သားသမီးရတနာဆိုတာ အိမ်ထောင်တစ်ခုမှာ သာယာတဲ့ ဆည်းလည်းလေးတွေဆိုပေမယ့်လည်း ဖေဖေမေမေတို့ရဲ့ လိင်မှုဘဝအတွက်တော့ အနည်းငယ် အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ လက်ထပ်ပြီး စုံတွဲတွေမှာ ကလေးမရခင်နဲ့ ကလေးရပြီးနောက် လိင်မှုဘဝအပြောင်းအလဲတွေ အနည်းနဲ့အများတော့ ကြုံရတာ သဘာဝပါ။ သို့သော်လည်း ကွီးတို့ရဲ့ ချစ်စရာ ရတနာလေးတွေက ကွီးတို့ ဇနီးမောင်နှံရဲ့ လိင်မှုဘဝအတွက် အဟန့်အတားတစ်ခု မဖြစ်နေစေဖို့ ကလေးယူ ပြီးနောက်မှာလည်း သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အကြံပြချက်အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ပါတနာနဲ့ ဆက်သွယ်မှုတွေ ဆက်ရှိနေပါစေ

Couple On Bed

Photo : Psychology Magazine

ကလေးယူ ပြီးနောက်မှာ လင်နဲ့မယား နှစ်ဦးသား ဆက်ဆံရေးဟာ အချိတ်အဆက်မိမိ ဆက်ရှိနေဖို့ အရေးကြီးပါတယ်။ ကလေးမယူခင်နဲ့ ကလေးယူပြီးနောက်မှာ အပြောင်းအလဲတွေ ကြုံရနိုင်ပေမယ့် နှစ်ဦးသား ပွင့်လင်းရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို ဆက်ထိန်းထားနိုင်ရင် လိင်မှုဘဝအတွက် အဟန့်အတား မဖြစ်စေနိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေ ၊ လိုအင်ဆန္ဒတွေအကြောင်း ပြောဆိုတာ ၊ ချစ်တင်းနှောရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်တာတွေ လုပ်သင့်ပါတယ်။

(၂) တာဝန်တွေ ခွဲယူပါ

Couple On Bed

Photo : Yahoo

ကလေးယူ ပြီးနောက်မှာ အိမ်မှုကိစ္စတွေ အိမ်ထောင်တာဝန်တွေဟာ ယခင်ကထက် ပိုပြီးများလာမှာ အသေအချာပါပဲ။ ဒီနေရာမှာ အားလုံးကို တစ်ယောက်တည်းကပဲ တာဝန်ယူလုပ်ကိုင်နေရတာမျိုး မဖြစ်ပါစေနဲ့။ ကလေးနဲ့ပတ်သတ်ပြီး လုပ်ရတဲ့ ကိစ္စအဝဝနဲ့ အိမ်မှုကိစ္စတွေကို နှစ်ဦးသား မျှမျှတတ ခွဲဝေတာဝန်ယူသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ ဆက်ဆံရေး ၊ ချစ်ခြင်းမေတ္တာကို တိုးပွားစေပြီး လိင်မှုဘဝအတွက်လည်း များစွာ ကောင်းကျိုးပြု နိုင်ပါလိမ့်မယ်။

(၃) နှစ်ဦးသား သီးသန့်အချိန်တစ်ခု သတ်မှတ်ပါ

Couple On Bed

Photo : MattressNextDay

တစ်ပတ်မှာ အနည်းဆုံး ၁ ရက် သို့မဟုတ် ၂ ရက်လောက်ကို ချစ်သူရည်းစား စုံတွဲတွေလို ဖြတ်သန်းသင့်ပါတယ်။ ကလေးရှိတဲ့ အိမ်ထောင်သည်ဘဝကနေ ယာယီခွင့်ယူလိုက်တဲ့ သဘောပါပဲ။ ကလေးကို ကလေးထိန်းနဲ့ ထားတာ သို့မဟုတ် အဖိုးအဖွားတွေဆီ အပ်ထားတာ စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။ ဒီလို နှစ်ဦးသားအတွက် သီးသန့်အချိန်တစ်ခု သတ်မှတ်ပြီး လိင်မှုဘဝရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ရှာဖွေတာဟာ သင်နဲ့သင့်ပါတနာကြား ရေရှည်ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

(၄) ရင်ခုန်စရာတွေ အတူတူ ရှာဖွေပါ

Couple On Bed

Photo : Medical News Today

ရင်ခုန်စိတ်လှုပ်ရှားမှုတွေဟာ အတူတကွ ရှာဖွေမယ်ဆိုရင် ကလေးယူပြီးနောက်လည်း တွေ့နိုင်ပါတယ်။ တစ်နေ့တာမှာ ပုံမှန် ဆက်ဆံနေကျ အချိန်မဟုတ်ပဲ အပြောင်းအလဲ လုပ်ကြည့်တာ ၊ မတူတဲ့ နေရာအသစ်တွေမှာ ချစ်တင်းနှောကြည့်တာ ၊ လူကြီးကစားစရာအရုပ်တွေ သုံးပြီး ဆက်ဆံတာ စသည်ဖြင့် ရိုးရိုးရှင်းရှင်း လုပ်ရိုးလုပ်စဉ်တွေထဲက ခွဲထွက်ပြီး မတူညီတဲ့ ဆန်းသစ်မှုတွေနဲ့ ရင်ခုန်စရာ အသစ်အဆန်းတွေကို အတူတကွ ရှာဖွေကြည့်နိုင်ပါတယ်။

Source : Lifehacker

Featured Photo : Videnskab.dk