ကျွန်တော်တို့ တော်တော်များများ ခရီးသွားပြီဆိုရင် ကားတွေနဲ့ပဲ အများဆုံး သွားလေ့ရှိကြပါတယ်။ တစ်ခါတစ်ရံ လေယာဉ် ဒါမှမဟုတ် သင်္ဘောခရီးစဉ်တွေ သွားလေ့ရှိတယ်ဆိုပေမယ့် ယေဘုယျအားဖြင့်တော့ အဝေးပြေးကား သို့မဟုတ် ကိုယ်ပိုင်ကားတွေနဲ့ ခရီးသွားကြတာ များပါတယ်။ ဒီလို ကားတွေနဲ့ပဲ အမြဲတမ်း ခရီးသွားရတာ ရိုးနေပြီလို့ ခံစားရတယ်ဆိုရင်တော့ စိတ်လှုပ်ရှားစရာ ခံစားမှုရသအသစ်တွေပေးမယ့် ခရီးသွားနည်းတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ ဒါကတော့ ရထားနဲ့ ခရီးသွားခြင်းပါပဲ။ နိုင်ငံတကာမှာလည်း ရထားနဲ့ ခရီးသွားခြင်းကို ခရီးသွားဝါသနာရှင် တော်တော်များများ နှစ်ခြိုက်ကြပါတယ်။ အခုပြောပြပေးမှာကတော့ ကား နဲ့ ခရီးသွား တာထက် ရထားနဲ့ ခရီးသွားခြင်းရဲ့ မတူကွဲပြားတဲ့ ထူးခြားမှုလေးတွေ အကြောင်းပါ။

(၁) ဈေးသက်သာတယ်

 ခရီးသွား

Photo : Live Work Play Travel

ရထားနဲ့ ခရီးသွား တာက တခြားသော ကား ၊ လေယာဉ်ခရီးစဉ်တွေထက် ကုန်ကျစရိတ် သိသိသာသာ သက်သာပါတယ်။ ဘတ်ဂျတ်ချွေတာပြီး ထူးထူးခြားခြား ခရီးသွားချင်တယ်ဆိုရင်တော့ ရထားခရီးစဉ်က အဆင်ပြေဆုံး ဖြစ်ပါတယ်။ နိုင်ငံတကာက တချို့ရထားတွေမှာဆိုရင် အားသွင်းပေါက်၊ အဆာပြေမုန့် ၊ ရေချိုးခန်းသုံးပစ္စည်းတွေနဲ့ အခမဲ့ WiFi တို့ကိုပါ ဝန်ဆောင်မှု ပေးထားပါတယ်။

(၂) ရှုခင်းတွေ အနီးကပ်ခံစားလို့ ရတယ်

 ခရီးသွား

Photo : Lonely Planet

ဒါကတော့ ရထားနဲ့ ခရီးသွားခြင်းရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုပါပဲ။ ခရီးစဉ်တစ်လျှောက်က လှပတဲ့ မြို့ပြရှုခင်းတွေ ၊ စိမ်းလန်းစိုပြေတဲ့ တောင်တောသဘာဝရှုခင်းတွေ ၊ ရေကန်တွေ ၊ စိုက်ခင်းတွေနဲ့ ဝေးလံခေါင်သီတဲ့ မှိန်ပြပြရွာငယ်လေးတွေကိုပါ ကြည့်ရှုခံစားလို့ရမှာ ဖြစ်ပါတယ်။ ပြတင်းပေါက်လေးကနေမြင်ရတဲ့ ရောင်စုံပန်းချီကားတစ်ချပ်လို ရှုခင်းအလှတွေကို ခံစားချင်ရင်တော့ ခရီးနဲ့သာ ခရီးသွားလိုက်ပါ။

(၃) လွတ်လွတ်လပ်လပ်သွားလို့ရတယ်

Photo : EyeEm

ရထားနဲ့ခရီးသွားတဲ့အခါ ခံစားရတဲ့ လွတ်လပ်ပေါ့ပါးမှုကတော့ ဘာနဲ့မှမတူပါဘူး။ ရထားပေါ်မှာ ရှုခင်းကြည့်မလား ၊ အိပ်မလား ၊ စာအုပ်ဖတ်မလား ၊ အညောင်းပြေအညာပြေ လမ်းလျောက်မလား ၊ ဘော်ဒါတွေနဲ့ ဂိမ်းကစားမလား ၊ တခြားခရီးသွားတွေနဲ့ မိတ်ဆွေဖွဲ့စကားပြောမလား ၊ ရထားပေါ်မှာရောင်းချတဲ့ အစားအသောက်တွေပဲ မြည်းစမ်းမလား ကွီးတို့စိတ်ကြိုက် လွတ်လွတ်လပ်လပ်နဲ့ ခရီးစဉ်တစ်လျောက်လုံးကို ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ရပါတယ်။

(၄) နှောင့်နှေးကြန့်ကြာမှုနည်းတယ်

 ခရီးသွား

Photo : Le Figaro

ရထားနဲ့ ခရီးသွားခြင်းမှာ လေယာဉ်တွေ ၊ ဘတ်စ်တွေ ၊ သင်္ဘောတွေနဲ့ မတူညီတဲ့ အားသာချက်တစ်ခုရှိပါတယ်။ ဒါကတော့ အချိန်ကြန့်ကြာမှု ၊ ခရီးစဉ်နှောင့်နှေးမှု နည်းတာပါ။ ယာဉ်လမ်းကြောပိတ်ဆို့မှု ၊ ရာသီဥတု ဆိုးရွားမှုစတဲ့ အချက်တွေကြောင့် ခရီးစဉ်ကြန့်ကြာနေမှာ မဟုတ်ပဲ လိုရာခရီးကို အချိန်မှန်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ မယုံဘူးဆိုရင် ဆွစ်ဇာလန်ရဲ့ Alps တောင်တန်းဒေသကို နှင်းတွေပိတ်ဖုံးနေတဲ့ရာသီမှာ ရထားနဲ့ ခရီးသွားကြည့်ပါ။ လုံးဝ မှော်ဆန်တဲ့ခံစားမှုကို ခံစားရမယ်ဆိုတာ အာမခံပါတယ်။

(၅) မြို့လယ်ခေါင်ကို တန်းရောက်တယ်

 ခရီးသွား
Photo : Tripadvisor

ရထားဘူတာရုံတွေဟာ မြို့တိုင်းလိုလိုရဲ့ မြို့လယ်ခေါင်တည့်တည့်မှာ တည်ရှိတာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာလည်း အတူတူပါပဲ။ ဒီတော့ မြို့တစ်မြို့ကိုသွားလည်တဲ့အခါ အဝေးပြေးလမ်းမကြီးတွေ ၊ ကားဂိတ်တွေကနေ မြို့ထဲကို အဆင့်ဆင့် ပြန်ပြီးသွားနေရတာမျိုးမရှိပဲ ရထားပေါ်က ဆင်းတာနဲ့ မြို့လယ်ခေါင်တည့်တည့်ကို ရောက်ရှိနေမှာ ဖြစ်တဲ့အတွက် မြို့တစ်မြို့ရဲ့အထင်ကရ နေရာတွေကိုသွားလည်ဖို့ ခရီးတစ်ဝက်လောက်ကို သက်သာသွားစေမှာ ဖြစ်ပါတယ်။

Featured Photo : AZ Big Media