ကားတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင် တွေလို့ ပြောလိုက်ရင် Fast and Furious လို ဇာတ်ကားတွေကို ပရိသတ်တွေအရင်ဆုံး ပြေးမြင်မိကြမယ် ထင်ပါတယ်။ ဒီလိုအမိုက်စား ပြိုင်ကားတွေ ၊ ကား မောင်းဟန်တွေအကြောင်း အသားပေး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ အများကြီး ရှိပါသေးတယ်။ ဒီထဲကမှ ကား တွေကို ချစ်မြတ်နိုးတဲ့ ကား Crazy ကွီးတို့ ကြည့်သင့်တဲ့ အကောင်းဆုံး Car Movies ရုပ်ရှင် ကားကောင်း တချို့ကို ဒီတစ်ခေါက် ဆောင်းပါးလေးကနေ ရွေးချယ်တင်ဆက်ပေးသွားချင်ပါတယ်။

(၁) Ford v Ferrari (2019)

Source : 20th Century Studios

၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ ဒီဇာတ်ကားကတော့ မော်တော်ကား ဒီဇိုင်နာ ကယ်ရိုး ရှဲလ်ဘီနဲ့ ပြိုင်ကားမောင်းသမား ကင် မိုင်းစ် တို့ပူးပေါင်းပြီး လမန်းစ် ကားပြိုင်ပွဲမှာ ဖရာရီကို ယှဉ်နိုင်မယ့် အကောင်းဆုံး ပြိုင်ကားကို တည်ဆောင်ကြတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ပြိုင်ကားတွေကို စိတ်ဝင်စားသူတိုင်း ကြည့်သင့်တဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား တစ်ကားပါ။

(၂) Taxi Driver (1976)

Source : Sony Pictures Home Entertainment

ဒီဇာတ်ကားဟာ ၁၉၇၆ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဗီယက်နမ် စစ်ပြန်ဟောင်း ထရာဗစ်ဟာ နယူးယောက်မြို့ကြီးထဲမှာ တက္ကစီဒရိုင်ဘာ အလုပ်နဲ့ အသက်မွေးမှု ပြုနေသူတစ်ယောက်ပါ။ တစ်ရက်မှာ ဒုစရိုက်မှုတွေ ပြည့်နှက်နေတဲ့ အမှောင်မြို့ကြီးထဲက အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာမလေးကို မြွေဆိုးတွေ လက်ကနေ သူဘယ်လို ကယ်တင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာ ဖြစ်ပါတယ်။

(၃) Fast and Furious Series

Source : World Of Movies

Car Movie တွေအကြောင်းပြောမယ်ဆိုရင် Fast and Furious ဇာတ်ကားတွေကတော့ ချန်ထားခဲ့လို့ရမှာမဟုတ်ပါဘူး။ လမ်းမတွေပေါ်က တရားမဝင်ကားပြိုင်ပွဲတွေ ၊ အမိုက်စား ပြိုင်ကားတွေနဲ့ ကားချစ်သူတွေ လုံးဝ နှစ်ခြိုက်စွဲလမ်းခဲ့ရတဲ့ ထာဝရအကောင်းဆုံး ကားရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပါတယ်။ The Fast and the Furious (2001) ၊ 2 Fast 2 Furious (2003) ၊ The Fast and the Furious: Tokyo Drift (2006) ၊ Fast & Furious (2009)၊ Fast Five (2011) ၊ (2013)Fast & Furious 6 ၊ Furious 7 (2015) ၊ The Fate of the Furious (2017) နဲ့ F9 (2021) ဇာတ်ကားတွေ ထွက်ရှိထားပါတယ်။

(၄) Rush (2013)

Source : Universal Pictures

၂၀၁၃  ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကတော့ ပရော်ဖက်ရှင်နယ် ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား နှစ်ဦးဖြစ်တဲ့ James Hunt နဲ့ Niki Lauda တို့နှစ်ဦးရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ကြည့်ရှု့ခံစားရမယ့် အကောင်းဆုံး ကားရုပ်ရှင် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

 

Featured Photo : IMDb