ချစ်တင်းနှော ပြီးချိန်မှာ အိပ်ရာထက် ပါတနာနဲ့ အတူတူပွေ့ဖက် အနားယူတာဟာ ကောင်းမွန်ပေမယ့် အလေ့အထတစ်ခု ဖြစ်ပေမယ့်လည်း သန့်ရှင်းမှုအတွက်ကိုတော့ ပထမဆုံး လုပ်ဆောင်ရမှာပဲ မဟုတ်လား? ဒါကြောင့်လည်း လိင်မှုကိစ္စပြီးတဲ့အခါ တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက် Post-Sex အလေ့အထလေးတွေကို သေချာပေါက် လိုက်နာဖို့ အင်မတန် အရေးကြီးကြောင်း ကျန်းမာရေးသုတေသီတွေက ဆိုထားတာပါ။ ဒီတစ်ခေါက်တော့ အိပ်ရာထက်မှာ ပါတနာနဲ့ ချစ်တင်းနှောပြီးလို့ ကိစ္စပြီးရင် ဘာတွေလုပ်ဆောင်ရမလဲဆိုတဲ့ အချက်တွေနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။
(၁) ဆီးသွားပါ
Photo : Men’s Health
ချစ်တင်းနှော ပြီးလို့ ကိစ္စပြီးရင် သန့်စင်ခန်းသွားဖို့ လိုပါတယ်။ ဆီးသွားလိုက်ခြင်းကြောင့် လိင်အင်္ဂါကနေ ထွက်ရှိတဲ့ အရည်တွေကို သန့်စင်သွားစေပြီး ဆီးလမ်းကြောင်းအတွင်းသို့ ပိုးဝင်နိုင်ခြေ နည်းပါးပါတယ်။ ချစ်တင်းနှော စဉ်မှာ ဆီးလမ်းကြောင်းအတွင်းသို့ ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာနိုင်တဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ များတာပါ။ ဒါကြောင့် ချစ်တင်းမနှောမီနဲ့ ချစ်တင်းနှော ပြီးချိန်တွေမှာ ဆီးသွားပေးတဲ့ အလေ့အထဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ဆီးသွားချင်စိတ် မဖြစ်ပါက ရေတစ်ခွက် သောက်ပေးနိုင်ပါတယ်။
(၂) လိင်အင်္ဂါကို ညင်သာစွာ ဆေးကြောသန့်စင်ပါ
Photo : The Sun
ကိစ္စပြီးရင် တော့ သေချာပေါက် လိင်အင်္ဂါတွေကို ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဒါမှသာ ဘက်တီးရီးယား ပိုးမွှားတွေ ကပ်ညှိတွယ်နိုင်ခြေကို အတော်အတန် ကာကွယ်နိုင်မှာပါ။ လိင်အင်္ဂါတွေကို ဆေးကြောသန့်စင်တဲ့အခါ ကြက်သီးနွေးရေ ၊ ဆပ်ပြာအပျော့စားတွေကို အသုံးပြုပြီး ဆေးကြောသန့်စင် ပေးနိုင်ပါတယ်။
(၃) ကွန်ဒုံးကို စနစ်တကျ စွန့်ပစ်ပါ
Photo : Love Matters India
ချစ်တင်းနှော ချိန်မှာအသုံးပြုခဲ့တဲ့ ကွန်ဒုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သေချာစနစ်တကျ စွန့်ပစ်ဖို့ လိုပါတယ်။ ကွန်ဒုံးတွေမှာ လိင်အင်္ဂါတွေကနေ ထွက်ရှိတဲ့ အရည်တွေ ၊ ဘက်တီးရီးယားပိုးမွှားတွေနဲ့ အနံ့အသက်ဆိုးတွေ ရှိနေနိုင်တဲ့အတွက် ကိစ္စပြီးရင် စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ကျန်းမာသန့်ရှင်းမှုကို ဂရုစိုက်ပေးဖို့ လိုပါတယ်။
(၄) သန့်ရှင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ
Photo : Health & Her
အကယ်၍ လိင်အင်္ဂါကနေ ထွက်ရှိတဲ့ အရည်တွေ အဝတ်အစားပေါ်မှာ စွန်းထင်းပေနေတယ်ဆိုရင် အဆိုပါ အဝတ်တွေကို ချစ်တင်းနှော ပြီးချိန်မှာ ပြန်မဝတ်ဖို့ အကြံပေးချင်ပါတယ်။ ဒါဟာ လိင်အင်္ဂါ ပိုးဝင်ခြင်း ၊ ယားယံခြင်းနဲ့ အဖုအပိန့်တွေကို ဖြစ်စေနိုင်လို့ပါပဲ။ ဒါကြောင့် ကိစ္စပြီးရင် သန့်စင်ပြီး ချောင်ချိတဲ့ ချည်သားအဝတ်အစားတွေကို ဝတ်ဆင်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : Well+Good