ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တွေ ဖြစ်တဲ့ မက်ဆီ ၊ ရော်နယ်ဒိုတို့အလွန် ကမ္ဘာ့အကောင်းဆုံးမျိုးဆက်သစ် လူငယ်ကစားသမားအဖြစ် တစ်ပေးခံရသူ တစ်ဦးကတော့ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းရဲ့ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေ ပဲ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေ ဟာ ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် ၂၀ အရွယ်မှာ ပြင်သစ်အသင်းကို ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ Best Young Player Award ချီးမြှင့်ခံရတဲ့ လူငယ်တိုက်စစ်မှူးဟာ ဒီနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

Kylian Mbappe at PSG

Photo : football-espana

ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်မှာ အမ်ဘာပေ ဟာ ဘာစီလိုနာဘက်ကို သွင်းဂိုးနဲ့အတူ အသက် ၂၂ နှစ် ရက်ပေါင်း ၈၀ နဲ့ ချန်ပီယံလိဂ် သွင်းဂိုး ၂၅ ဂိုး သွင်းယူနိုင်တဲ့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ သူ့အရင် စံချိန်က လိုင်ယွန်နယ် မက်ဆီ (အသက် ၂၂ နှစ် ၂၈၆ ရက်) ဖြစ်ပြီး ဒီအရင်က ရာအူး (၂၃ နှစ် ၂၅၂ ရက်) ၊ ကာရင် ဘန်ဇီးမား (၂၄ နှစ် ၉၉ ရက်) နဲ့ သီယာရီ အွန်နရီ (၂၅ နှစ် ၁၀၂ ရက်) တို့ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားမှာ ပီလီပြီးရင် ဒုတိယအသက်အငယ်ဆုံး နဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲမှာ ဝင်နွှဲနိုင်ခဲ့တဲ့ ကိုင်လီယန် အမ်ဘာပေ ဟာ လက်ရှိ PSG အသင်းမှာ ဟက်ထရစ် ၇ ကြိမ် သွင်းထားပြီး အသင်းအတွက် ဂိုးပေါင်း ၁၅၆ ဂိုး ၊ မိုနာကိုအတွက် ၂၇ ဂိုး ၊ ပြင်သစ်အသင်းအတွက် ၂၄ ဂိုး စုစုပေါင်း ၂၀၇ ဂိုးအထိ သွင်းယူထားပါတယ်။ အသက် ၂၃ နှစ်တည်း နဲ့ မယုံနိုင်လောက်တဲ့ စံချိန်သစ်တွေ တင်ပြီး ခြေစွမ်းပြနေတဲ့ ပြင်သစ်တိုက်စစ်မှူး ရဲ့ အောင်မြင်ရေးဆိုင်ရာ ရှုမြင် တွေးခေါ်ချက်တွေနဲ့ အယူအဆတွေ အကြောင်းကို မျှဝေ‌ပေးလိုက်ရပါတယ်။

Kylian-Mbappe

Photo : football-espana

(၁) “စံချိန်တွေကို မြင့်မြင့်မှာပဲ အမြဲတမ်း ထားမှ ဖြစ်မယ်။ မဟုတ်ရင် တိုးတက်မှာ မဟုတ်ဘူး”- ကိုင်လီယန် အမ်ဘာပေ

လူတစ်ယောက် အထက်ရောက်ဖို့ သူ ရောက်ချင်တဲ့ ရည်မှန်းချက် အရင်ရှိဖို့ လိုပါတယ်။ တချို့တွေ ရဲ့ ရည်မှန်းချက်ဟာ အတော်အတင့် မြင့်ပြီး တချို့တွေ ကတော့ ပုံမှန်တန်းမှာ ၊ တချို့ကတော့ မမှီလောက်အောင် မြင့်မားတဲ့ အမြင့်ကြီးမှာ ရှိပါတယ်။ ရည်မှန်းချက် ပန်းတိုင်တွေဟာ ကိုယ်မှီနိုင်လောက်တယ် ထင်တာရဲ့ အထက် ခပ်မြင့်မြင့်နားမှာ ရှိထားမှ တိုးတက်အောင် စိန်ခေါ်နိုင်မယ် လို့ အမ်ဘာပေက ယူဆပါတယ်။

အမ်ဘာပေ ပြောတဲ့ စကားထဲမှာ တန်း Bar ဆိုတာ ပါပါတယ်။ တုတ်ထောက်ခုန် အားကစားမှာဆို တန်းဟာ ကစားသမားအဖို့ ပစ်မှတ်တစ်ခု ၊ စံချိန်တစ်ခုပါပဲ။ တန်းမြင့်မြင့် ခုန်ရင်းနဲ့ပဲ တုတ်ထောက်ခုန်သမားဟာ စံချိန်သစ် တစ်ခုပြီးတစ်ခု တင်သွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုးတက်ဖို့ ကိုယ်ခုန်နေကျထက် ပိုပြီး မြင့်တဲ့ တန်းတစ်ခု ထားပြီး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။

(၂) “ခင်ဗျား ဘေးက လူတွေရဲ့ Level အတိုင်း ခင်ဗျားရဲ့ ဂိမ်းကို မြှင့်သွားဖို့ လိုတယ်။ အဲ့ဒီ အမြင့် Level အတိုင်း ဆက်သွားနေရင်မယ်ဆိုရင် ပုံမှန်အတိုင်း တိုးတက်သွားမယ်လို့ ကျွန်တော် ထင်တယ်”- ကိုင်လီယန် အမ်ဘာပေ

တိုးတက်ရမယ်လို့ ဆုံးဖြတ်ထားတယ် ဆိုရင် အရင်ဆုံး ကိုယ့်အနားက လူတွေထက် ကိုယ့်ကိုယ်ကိုယ် ပိုတော်အောင် ကြိုးစားကြည့်ဖို့ ကနေ စတင်ဖို့ နဲ့ ရောက်တဲ့ နေရာပေါ် လိုက်ပြီး ဆက်တိုးတက်အောင် ကြိုးစားနေဖို့ အမ်ဘာပေက အကြံပေးပါတယ်။ တစ်နေ့ အောင်မြင်ရမယ်လို့ သံဓိဌာန်ချထားသူဟာ ကိုယ်ရောက်နေတဲ့ နေရာက အမြင့်ဆုံးဆိုတဲ့ လူတွေရဲ့ Level အတိုင်း ကိုယ်ရဲ့ တိုးတက်ရေးဂိမ်းကို အဆင့်မြှင့်တင်သွားရမှာပါ။

Kylian Mbappe

Photo : Daily Sabah

(၃) “လူတော် လူကျော်တွေအတိုင်းပဲ ဘယ်သူမဆို ကိုယ်ပိုင်သမိုင်း ကိုယ်တိုင်ပဲ ရေးသင့်ပါတယ်။ တခြားသူတွေအတိုင်း လိုက်ပြီး ကော်ပီကူးတာမျိုး မဖြစ်သင့်ပါဘူး” – ကိုင်လီယန် အမ်ဘာပေ

တကယ်ကြီးကျယ် ထင်ရှားချင်ရင် ကိုယ့်မူကိုယ်ဟန်နဲ့ ကိုယ်ပိုင် Story ဖန်တီးနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ ဒီစကားက နယ်ပယ်တိုင်းအတွက် မှတ်သားသင့်တဲ့ စကားလည်း ဖြစ်ပါတယ်။

(၄) “တကယ်ကောင်းတဲ့ အသင်းက ခေါင်းဆောင်တွေပေါ် မူတည်တယ်။ အရေးပါတဲ့ အခိုက်အတန့်တွေကို ကွဲပြားမှုဖြစ်အောင် သူတို့ပဲ လုပ်ဆောင်တာကြောင့်ပါ” – ကိုင်လီယန် အမ်ဘာပေ

အောင်မြင်ချင်ရင် စုစည်းမှု အားကို အသုံးချရပါတယ်။ ဒီစုစည်းမှုအားကိုမှ နေသားတကျ စီမံခန့်ခွဲနိုင်ခြင်းက ပညာပါပဲ။

(၅) “ကြောက်စိတ် ခံစားနေရတာကို ရပ်ပစ်မှ ဖြစ်မယ်” – ကိုင်လီယန် အမ်ဘာပေ

Featured Photo : football-espana