နည်းပြ အာတီတာ ကတော့ ကိုင်ဟာဗက်ဇ်ရဲ့ ဒဏ်ရာအခြေအနေအကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပြီး အာဆင်နယ်အသင်းက ဂျာမန်တိုက်စစ်မှူးကို တကယ်လွမ်းနေပြီလို့ ဝန်ခံဖွင့်ဟ လာခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်အတွင်းမှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေက အာဆင်နယ်အသင်းရဲ့ ၂၀၂၅ – ၂၀၂၆ ရာသီအစအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်နေပြီး ကိုင်ဟာဗက်ဇ်ကလည်း မကြာခင်မှာ ပြန်လည်နိုင်ဦးမှာ မဟုတ်ပါဘူး။
Photo : Goal.com
တံကောက်ကြော ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ရာသီရဲ့ ဒုတိယနှစ်ဝက် တစ်ခုလုံးနီးပါး အနားယူနေခဲ့ရတဲ့ ကိုင်ဟာဗက်ဇ်ဟာ ရာသီကြိုကာလမှာမှ အသင်းနဲ့ လေ့ကျင်းရေးပြန်ဆင်းနိုင်ခဲ့တာပါ။ ဒီရာသီအဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းက မန်ချက်စတာယူနိုက်တက်ကို ၁ – ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကနေ ဝင်ရောက်ကစားခဲ့ရပေမယ့် ပြီးခဲ့တဲ့လက လေ့ကျင့်ရေးအစီအစဉ်မှာ ဒူးဒဏ်ရာ ထပ်မံရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဂန်းနားနည်းပြ အာတီတာ ကတော့ သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ဟာဗက်ဇ်ရဲ့ဒဏ်ရာအခြေအနေကို ပြောပြခဲ့ပြီး ကစားသမားရဲ့ ပြန်လည်ကောင်းမွန်လာမှုဟာ အစောပိုင်းအဆင့်မှာသာ ရှိနေဆဲဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
” ကိုင်ရဲ့ဒဏ်ရာနဲ့ ပတ်သတ်ပြီး သူလပိုင်းလောက် အနားယူရဦးမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ရက်သတ္တပတ်ဘယ်လောက်အတွင်းမှာ ပြန်လာနိုင်မလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဘာလို့ဆို သူက ကိုင် ဖြစ်ပြီး သူက မတူညီတဲ့ ပုံစံရှိတဲ့သူ ဖြစ်နေလို့ပါ”
” ကျွန်တော်တို့ သူ့ကို တကယ်လွမ်း နေပါတယ်။ သူသေချာပေါက် ပြန်လာလိမ့်မယ် ၊ ရေရှည်အတွက်ပါ ပြန်လာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါကြောင့် သူရဲ့ဒူးကို ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ အခုလက်ရှိအထိတော့ သူ တော်တော်လေး တိုးတက်လာနေပါပြီ ” လို့ နည်းပြ အာတီတာ က ဝန်ခံပြောကြား ခဲ့ပါတယ်။
Photo : Goal.com
ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးအသင်းကနေ အမ်းမရိတ်ကို ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်ကစားသမားသစ် နိုနီ မာဒူအီကီကလည်း ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် လအတော်ကြာ အနားယူရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ မာတင် အိုဒီဂတ်ကလည်း ပခုံးဒဏ်ရာကြောင့် အဆိုပါ ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန် မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ဘူကာယို ဆာကာ ပြန်လာနိုင်ခဲ့တာကတော့ ဂန်းနားတို့အတွက် အကြီးအကျယ် စိတ်သက်သာရာ ရစေခဲ့ပါတယ်။ အင်္ဂလန်တောင်ပံ ကစားသမားဟာ ပို့ဗေးလ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်မှာ ပါဝင်ခွင့်ရခဲ့သလို နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက်လည်း အာရုံစိုက်ခံထားရပါတယ်။
Source : Goal.com
Featured Photo : The Football Faithful