ဘာကာ တိုက်စစ်မှူး လီဝန်ဒေါစကီး ကတော့ ဒဏ်ရာကြောင့် လာမယ့်အပတ်မှာ ကစားသွားရမယ့် ရီးယဲလ် မက်ဒရစ်နဲ့ ကိုပါဒယ်ရေးဖိုင်နယ် ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Robert Lewandowski
Photo : Barca Blaugranes

ပိုလန်သားဟာ စနေနေ့က ဆဲလ်တာကို ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပေါင်ကြွက်သား ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ လီဝန်ဒေါစကီး ရဲ့ လာလီဂါ ပွဲ ၁၀၀ မြောက်ပွဲစဉ်ဖြစ်ပြီး သွင်းဂိုးစွမ်းဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

လီဝန်ဒေါစကီးကို လာမယ့်အပတ် ရီးယဲလ်နဲ့ ရင်ဆိုင်ရမယ့် ကိုပါဒယ်ရေးဖိုင်နယ် ပွဲစဉ်မှာ ပါဝင်နိုင်ခြေရှိမရှိကို မေးမြန်းခဲ့ရာမှာတော့ ” အခုပြီးခဲ့တဲ့ တနင်္ဂနွေမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေအရ လီဝန်ဒေါစကီးဟာ ဘယ်ဘက်ပေါင်ခြံမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်” လို့ အတည်ပြုပြောကြား သွားခဲ့ပါတယ်။

” အသင်းနဲ့ လေ့ကျင့်ရေးပြန်စနိုင်ဖို့ကတော့ သူ့ရဲ့ဒဏ်ရာအခြေအနေအပေါ်မှာပဲ မူတည်ပါတယ် ” လို့ ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပိုလန်တိုက်စစ်မှူးရဲ့ အနားယူရမယ့် ကာလအတိအကျကိုတော့ ဘာစီလိုနာဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် သတင်းတွေအရ အနည်းဆုံး ၂ ပတ်ခန့် အနားယူရနိုင်ခြေရှိပြီး ကိုပါဒယ်ရေးဖိုင်နယ်ပွဲကို သေချာပေါက် လွဲချော်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Robert Lewandowski

Photo : SportsDesk – Times of Malta

ကိုပါဒယ်ရေးဗိုလ်လုပွဲအပြီး ဧပြီလ ၃၀ ရက်နေ့မှာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်သလို မေလထဲမှာ အရေးကြီးတဲ့ လာလီဂါ ပွဲစဉ်တွေလည်း ရှိနေတာကြောင့် လီဝန်ဒေါစကီး ရဲ့ ဒဏ်ရာ အခြေအနေသာ ခန့်မှန်းထားတာထက် ပိုပြင်းထန်ခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒီရာသီ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲမှာ သွင်းဂိုး ၄၀ ဂိူးအထိ စွမ်းဆောင်ထား နိုင်ခဲ့ပါတယ်။

Source : 90Min.com

Featured Photo : 90Min.com