Self-esteem လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုဟာ တည်ဆောက် ယူရတာပါ။ စာရေးသူတို့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် ပြုပြင်နေထိုင်ဖို့ လိုအပ်ပြီး မိမိကိုယ်ကိုယုံကြည်မှု အပြည့်နဲ့ မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်ခြင်းဖြင့် သင့်ကိုယ်သင် တန်ဖိုးထားမှုကို တိုးပွားစေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု တိုးစေပြီး ယုံကြည်မှု ပိုရှိစေဖို့ တည်ဆောက်ယူနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) တခြားသူတွေနဲ့ နှိုင်းယှဉ်မိနေတယ်ဆိုရင် အခုပဲရပ်တန့်လိုက်ပါ
Photo : Healthline
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေပြီး သင့်ကိုယ်သင် လေးစားမှုကို မြှင့်တင်လိုတယ်ဆိုရင်တော့ အခြားသူတွေနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်နေတာမျိုးကို လုံးဝ ရပ်တန့်လိုက်ဖို့ လိုအပ်ပါတယ်။ လူတိုင်းက သူတို့ကိုယ်ပိုင် ဘဝနဲ့ ကိုယ်ပိုင် ဘဝပြေးလမ်းပေါ်မှာ ပန်းဝင်နိုင်အောင်လို့ ကြိုးစားနေကြသူတွေချည်းပါပဲ။ နောက်ကျတယ်ဆိုတာ မရှိသလို နှိမ့်ကျတာလည်း မရှိပါဘူး။ ကိုယ့်ရဲ့ ပန်းတိုင်တွေကို ကိုယ်တိုင် သေချာအာရုံစိုက်ပြီးပဲ အကောင်းဆုံး ပန်းဝင်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် အပြည့်အဝ အာရုံစိုက်ပြီးပဲ တစ်နေ့ထက် တစ်နေ့ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
(၂) အပျက်သဘောရှောင် အပြုသဘောဆောင်နိုင်ဖို့ လေ့ကျင့်ပေးပါ
Photo : SACAP
ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ Self-talk တွေဟာ သိပ်ကိုအရေးကြီးပါတယ်။ မကောင်းတဲ့ အတွေးတွေ ၊ အပျက်သဘောဆောင်တဲ့ စကားတွေကို ကိုယ့်ကိုယ်ကိုယ် ပြောမိနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ၊ ယုံကြည်မှုတွေ ကျဆင်းပြီး စိတ်ဓာတ်ကျခြင်းဆိုတဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်။ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ စကားတွေ ၊ အတွေးတွေဟာ အပြုသဘောဆောင် Positive Self-talk တွေ ဖြစ်ဖို့ လိုပါတယ်။ မကောင်းတဲ့ အတွေးတွေ ၊ အပျက်သဘောဆောင်တဲ့ စကားတွေပြောမိနေရင် ချက်ချင်း ရပ်တန့်ပြီး ကောင်းမွန်တဲ့ အတွေးတွေကို အစားထိုးပါ။ ဒါက သင့်ကိုယ်သင် လေးစားမှုကို မြှင့်တင်ပေးပြီး ပိုမိုယုံကြည်မှုရှိလာစေရန် ကူညီပေးပါလိမ့်မယ်။
(၃) ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ
Photo : BetterHelp
မိမိကိုယ်ကို ယုံကြည်မှု ၊ တန်ဖိုးထားမှုတွေကို မြှင့်တင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သက်တောင့်သက်သာ ဖြစ်နေစေတဲ့ Comfort Zone ထဲကနေ ရုန်းထွက်ပြီး စိန်ခေါ်မှု ရှိရှိ ရင်ဆိုင်ရဲမှသာ ကိုယ့်ရဲ့ အားသာချက်တွေ ၊ စွမ်းဆောင်ရည်အသစ်တွေကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ကန့်သတ်ချက်တွေကို ကျော်ဖြတ်ဖို့ မကြောက်ပါနဲ့။ သေးငယ်တဲ့ အရာလေးတွေနဲ့ပဲ စတင်လိုက်ပါ။ သင်ကိုယ်တိုင် သတ်မှတ်ထားတဲ့ စိန်ခေါ်မှု တစ်ခုစီတိုင်းကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်လာနိုင်တာနဲ့ အမျှ ကိုယ့်ရဲ့တန်ဖိုး ၊ စွမ်းဆောင်ရည်နဲ့ လုပ်နိုင်စွမ်းတွေအပေါ် အားရကျေနပ်မှု အပြည့်နဲ့ သင့်ကိုသင် လေးစားမှု ၊ ယုံကြည်မှုတွေ ပိုရှိလာမှာ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : Psych Central