ကျွန်တော်တို့ရဲ့ ဘဝတွေဟာ တကယ်တော့ စွန့်စားခန်း တစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။ အခက်အခဲ အတားအဆီးတွေ ၊ လောကဓံရဲ့ ရိုက်ချက်တွေကြားမှာ ကြံ့ကြံ့ခံ စွန့်စားရုန်းကန်ရင်း ရှင်သန်ဖြတ်သန်း နေကြရတာပါ။ စွန့်စားခန်း ရုပ်ရှင်တွေဟာ ကျွန်တော်တို့အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ၊ စိတ်ဓာတ်ခွန်အားတွေနဲ့ မတူညီတဲ့ အတွေးအခေါ်အသစ်တွေ အများကြီးကို ပေးစွမ်းပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စွန့်စားခန်း ဖွင့်ရတာကြိုက်တဲ့ ကွီးတို့အတွက် အတွေးအခေါ်နဲ့ ဘဝအမြင်တွေကို ပြောင်းလဲပေးနိုင်မယ့် ရုပ်ရှင်ကားကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Life of Pi (2012)

Source : Rotten Tomatoes Trailer

Life of Pi ရုပ်ရှင်ဇာတ်ကားကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ သင်္ဘောနစ်မြုပ်ပြီး လူငယ်လေးတစ်ယောက် ပိစိဖိတ်သမုဒ္ဒရာကြီးရဲ့အလယ် အသက်ကယ်လှေလေးပေါ်မှာ အသက်ရှင်သန်ဖို့ ကြိုးစားတဲ့ ဇာတ်လမ်းလို့ လူသိများပါတယ်။ ဒီဇာတ်ကားဟာ ဘဝအတွက် အရေးပါတဲ့ သင်ခန်းစာတွေ ၊ အတွေးအခေါ်ကောင်းတွေ အများကြီးရစေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) White Fang (2018)

Source : Netflix

ဒီဇာတ်ကားလေးဟာ ခွေးဝံပုလွေတစ်ကောင်အကြောင်း ဇာတ်အိမ်တည်ထားတဲ့ Animation ဇာတ်ကားလေး ဖြစ်ပါတယ်။ အမေရိကန် စာရေးဆရာ Jack London ရဲ့ နာမည်တူ White Fang ဝတ္ထုကို Animation အနေနဲ့ ပြန်လည် ရိုက်ကူးပုံဖော်ထားတာပါ။ အခက်အခဲအတားအဆီးတွေ ၊ စွန့်စားမှုတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၃) The Peanut Butter Falcon (2019)

Source : RoadsideFlix

ဒီဇာတ်ကားလေးကတော့ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ စောင့်ရှောက်ရေးဂေဟာကနေထွက်ပြေးလာတဲ့ ကောင်းလေးအကြောင်းကို ဇာတ်လမ်းဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လမ်းမှာမထင်မှတ်ပဲ လူတစ်ယောက်နဲ့ ဆုံမိရာကနေ သူတို့နှစ်ဦးလမ်းခရီးတစ်လျှောက်ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ သံယောဇဉ်နဲ့ မေတ္တာတွေအကြောင်းကို အလှပဆုံး ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(၄) Interstellar (2014)

Source : Rotten Tomatoes Trailer

သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားကောင်း ကြိုက်သူတွေအတွက်ပါ။ ဒီဇာတ်ကားဟာ ကမ္ဘာမြေကြီးပေါ်မှာ လူတွေနေထိုင်ဖို့ ခက်ခဲလာတော့မယ့် အခြေအနေနဲ့ ကြုံတဲ့အခါမှာ လူသားတွေအတွက် ဂြိုလ်အသစ်ရှာဖို့ အာကာသထဲ ရှာဖွေရေးခရီးစဉ် တာဝန်ပေးခံရတဲ့ နာဆာလေယာဉ်မှူးဟောင်း အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့အတူ အမိုက်စား Visual Effects တွေကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

Featured Photo : The Script Lab