ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲက အချိန်တွေတော်တော်များများဟာ ကိုယ့်အတွက်မဟုတ်တဲ့ အရာတွေနဲ့ပဲ ကုန်ဆုံးကြရတာ များပါတယ်။ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ယနေ့ခေတ်လူနေမှုဘဝပုံစံအရ လူတော်တော်များများဟာ သူတို့ရဲ့ တစ်နေ့တာမှာ အလုပ်တာဝန် ၊ မိသားစုအရေးကိစ္စ ၊ ဘော်ဒါအပေါင်းအသင်းနဲ့ နှလုံးသားရေးရာကိစ္စတွေအတွက် အချိန်ပေးပြီး ဖြတ်သန်းဖြစ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့ကိုတော့ မေ့လျော့နေကြပါတယ်။ တကယ်တော့ ကျွန်တော်တို့အတွက် ကိုယ်ပိုင်သီးသန့် အချိန်တစ်ခု ရှိသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးသင့်လဲ ၊ ကိုယ့်အတွက်ကိုယ် အချိန် ပေးခြင်းက ဘယ်လိုကောင်းကျိုးတွေ ရစေလဲဆိုတာ ပြောပြပေးပါမယ်။

(၁) စိတ်ဖိစီးမှုတွေ ပိုလျော့လာမယ်

Man Relaxing

Photo : Pexels

ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးဟာ ဘက်ထရီတစ်ခုလို အားပြန်သွင်းပေးဖို့ လိုပါတယ်။ တစ်နေ့ထက်တစ်နေ့ ဖိအားတွေအောက်မှာ ရှင်သန်ရင်း စိတ်ဖိစီးမှုအဆင့်တွေလည်း ပိုမိုမြင့်တက်လာပြီး နောက်ဆုံးမှာတော့ Burn Out ဖြစ်သွားရပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ တစ်နေ့တာ အချိန် တွေထဲက တချို့တဝက်ကို ကိုယ်ပိုင်သီးသန့်အချိန်တစ်ခုယူပြီး စိတ်လက်အပန်းပြေစေမယ့် အရာလေးတွေ ၊ ကိုယ့်စိတ်ကိုပျော်စေမယ့် အရာလေးတွေကို လုပ်ပေးရဖို့ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ စိတ်ဘက်ထရီကို ပြန်လည်အားသွင်းခြင်း ဖြစ်ပါတယ်။

(၂) Productive ပိုဖြစ်စေတယ်

man working

Photo : Forbes

လူသားတွေရဲ့ဦးနှောက်ဟာ စက်အင်ဂျင်တစ်လုံး မဟုတ်ပါဘူး။ အချိန် အတိုင်းအတာတစ်ခုအထိ ဦးနှောက်ကို ခိုင်းပြီးပြီဆိုရင် အနားယူပေးရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် အာရုံစူးစိုက်နိုင်စွမ်းတွေ ကျဆင်းလာပြီး အလုပ်လုပ်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ပါ ကျလာပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် ကွီးတို့ရဲ့ဦးနှောက်ကို ပုံမှန်အနားယူဖို့ လိုအပ်ပါတယ်။ အားလပ်ချိန်တွေမှာ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုခု ၊ ကိုယ့်ကိုပျော်ရွှင်စေတဲ့ အရာတစ်ခုခုလုပ်ဆောင်ခြင်းက ကွီးတို့ကို ပိုမိုလန်းဆန်းတက်ကြွစေပြီး Productive ပိုဖြစ်စေမှာ ဖြစ်ပါတယ်။

(၃) ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာမယ်

men

Photo : CEO Today

ကျွန်တော်တို့ ဘဝမှာ ကြိုတင်တွက်ဆမထားတဲ့ ပြဿနာတွေ ၊ ထင်မှတ်မထားတဲ့ အကြောင်းကိစ္စတွေဆိုတာ အမြဲကြုံတွေ့ရစမြဲပါပဲ။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် ဖိအားပေးနေခြင်းဟာ ခရီးမတွင်စေသလို အဖြေကိုလည်း ရှာမတွေ့နိုင်ပါဘူး။ ဒါကြောင့် အရင်ဆုံး ခဏတဖြုတ်နားလိုက်ပါ။ ကိုယ့်အတွက်ကိုယ် သီးသန့်အချိန်တစ်ခု ခဏပေးပြီး အနားယူလိုက်ပါ။ ကိုယ် နှစ်သက်တဲ့အရာတစ်ခုခုကို လုပ်ဆောင်ခြင်းက သင့်ဦးနှောက်ကို ဖိအားတွေသိပ်မများစေဘဲ စိတ်အပန်းဖြေဖို့ ကူညီပေးပါလိမ့်မယ်။ ဒီလိုဦးနှောက်ကို အတင်းအကြပ် ဖိအားပေးဖို့မကြိုးစားတဲ့အတွက် ပြဿနာကိုဖြေရှင်းနိုင်မယ့် အဖြေတစ်ခု ရုတ်တရက်ပေါ်လာတတ်တာကို သင်တွေ့ရပါလိမ့်မယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့နိုင်တယ်

Modern Man in Home Office Relaxing with Legs on the Table

Photo : Pinterest

ဒီနေ့ခေတ် လူတိုင်းနီးပါး ကြုံနေရတဲ့ ပြဿနာတစ်ခုက ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေခြင်းပါပဲ။ စက်ရုပ်ဆန်တဲ့ လူမှုဘဝပုံစံခွက်ထဲမှာ လည်ပတ်ရင်း အချိန်ကြာလာတဲ့အခါ ကိုယ့်ကဘာဖြစ်ချင်တယ် ၊ ဘယ်လမ်းသွားချင်တာလဲ ၊ ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ ဆိုတာတွေပါ ပျောက်ဆုံးလာပြီး အဓိပ္ပါယ်မဲ့တဲ့ ဘဝတစ်ခုမှာ ပျော်လည်းနေ မပျော်လည်းနေရတဲ့ အခြေအနေမျိုး ဖြစ်လာတက်ပါတယ်။ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုတွေ တစ်စထက်တစ်စ ပျောက်ဆုံးလာမှာ ဖြစ်ပါတယ်။ ဒီအတွက် အဖြေက ကိုယ့်အတွက်ကိုယ် အချိန် ပေးတာပါပဲ။ ကိုယ့်ကိုယ်ကို အချိန်ပေးတာဟာ ကိုယ်အကြောင်းကိုယ် ပြန်သုံးသပ်မိစေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခု ပြန်ရှာတွေ့နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

(၅) ပိုကောင်းတဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်မယ်

Photo : CNBC

ကိုယ့်အတွက်ကိုယ် အချိန်ပေးတယ် ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်ဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားကြောင်း ပြသတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် မလေးစားရင် တခြားသူတွေပါ သင့်ကို လေးစားမှုရှိမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းဖြင့် တခြားသူတွေလည်း ကိုယ့်ကို တန်ဖိုးထားတတ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ သင်ကျင်လည်နေတဲ့ လူမှုပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာစေဖို့ အဓိကကျတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်အတွက်ကိုအချိန်ပေးဖြစ်တဲ့အတွက် နေ့ရက်တိုင်းမှာ ပိုမို ပျော်ရွှင်လာမှာဖြစ်ပြီး Work-Life Balance လည်း မျှလာစေမှာ ဖြစ်ပါတယ်။ အချုပ်ပြောရရင်တော့ ကိုယ့်ကိုယ်ကိုယ် အချိန် ပေးတာဟာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာမှာ အဘက်ဘက်က ကောင်းမွန်မှုတွေ ရရှိလာပြီး ပိုကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ကိုယ့်အတွက်ကိုယ် အချိန်ပေးတယ်ဆိုတာဟာ အမြဲတမ်း တစ်ယောက်တည်းနေဖို့ မဟုတ်ပါဘူး။ ကိုယ်နှစ်သက်တဲ့အရာတစ်ခုခုကို လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ ဒါက စာအုပ်ဖတ်တာ ၊ ရုပ်ရှင်ကြည့်တာ ၊ အားကစားလုပ်တာ ဖြစ်နိုင်သလို သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ ၊ မိသားစုနဲ့ ဟင်းအတူတူချက်တာလည်း ဖြစ်နိုင်ပါတယ်။ အဓိက ကွီးကို ပျော်ရွှင်စေမယ့်အရာ ၊ ကွီးအတွက် အဓိပ္ပါယ်ရှိတယ်လို့ ယူဆရတဲ့ အရာလေးတွေကို အချိန်ပေးလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ကဲ ကွီးတို့ရော တစ်နေ့တာမှာ ကိုယ့်အတွက်ကိုယ် အချိန် ပေးဖြစ်ပါရဲ့လား???

Featured Photo : ISORepublic