လူတစ်ယောက် ကိုယ့်အပေါ်ကောင်းတယ်မကောင်းဘူးဆိုတာ အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ အထူးသဖြင့် Relationship တစ်ခုမှာ ကိုယ်ချစ်တဲ့သူက ကိုယ်အပေါ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်နေခြင်းဟာ အင်မတန်ကံကောင်းခြင်းတစ်ခုလို့ ပြောနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ကိုယ့်အပေါ်မကောင်းတဲ့လူတွေကိုလည်း ဖက်တွယ်မိကြတယ် မဟုတ်လား။ ကိုယ်ချစ်တဲ့သူက ကိုယ့်အတွက် အမှန်တကယ် ကောင်းတဲ့ လူတစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ အခုပြောပြမယ့် အချက်လေးတွေကို ကြည့်ပြီး သိနိုင်ပါတယ်။
(၁) အပြန်အလှန် လေးစားမှုရှိတယ်
Photo : Omnes
ကျန်းမာတဲ့ Relationship တစ်ခုဟာ အပြန်အလှန်လေးစားမှုနဲ့ တည်ဆောက်ရတာပါ။ လူတစ်ယောက်က ကိုယ့်အပေါ် ကြင်နာမှု ၊ ထောက်ထားစာနာမှုတွေနဲ့ ဆက်ဆံတက်ပြီး ကိုယ့်ရဲ့အတွေးအမြင်နဲ့ ခံစားချက်တွေကို တန်ဖိုးထားတယ်ဆိုရင် ဒါဟာ အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
(၂) အချိတ်အဆက်မိတဲ့ ဆက်သွယ်မှုရှိတယ်
Photo : Life Beyond Therapy
လူနှစ်ယောက် ပေါင်းဖက်ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိမိ ပွင့်လင်းရိုးသားတဲ့ ဆက်ဆံရေးရှိဖို့က အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အတွေးတွေ ၊ စိတ်ခံစားမှုတွေ အားလုံးကို အရှိကိုအရှိတိုင်း ရင်းနှီးပွင့်လင်းစွာ ဆက်သွယ်ပြောဆိုနိုင်တယ် ၊ ဆွေးနွေးဖို့ အဆင်ပြေတယ်လို့ ခံစားရပါက အဲ့ဒီလူဟာ သင်နဲ့ ကောင်းမွန်တဲ့ အချိတ်အဆက်မိမိ ဆက်သွယ်မှုရှိပြီး သင့်အပေါ် အပြည့်အဝ စာနာနားလည်ပေးရှိတဲ့ နှလုံးသားရှိသူတစ်ယောက် ဖြစ်ပါတယ်။
(၃) မျှဝေခံစားနိုင်တယ်
Photo : Ideapod
အေးအတူ ပူအမျှဆိုတဲ့ စကားဟာ ပြောရလွယ်သလောက် လက်တွေ့မှာ တကယ်ခက်ခဲပါတယ်။ လူတွေဟာ အခြေအနေ အမျိုးမျိုးပေါ်လိုက်ပြီး နှလုံးသားတွေလည်း ပြောင်းလဲတက်ကြတာပါ။ ကိုယ်အနေနဲ့ အောင်မြင်နေပါစေ ၊ ကျရှုံးမှုတွေနဲ့ ကြုံနေပါစေ အကောင်းအဆိုး အားလုံးကို အတူတူမျှဝေခံစားဖို့ ရဲရင့်တဲ့သတ္တိရှိသူ တစ်ယောက်ဆိုရင် ဒီလူဟာ သင့်အပေါ် စစ်မှန်တဲ့ လူတစ်ယောက်ဆိုတာ ရဲရဲကြီးပြောနိုင်ပါတယ်။
(၄) ပံ့ပိုးမှုတွေပေးတယ်
Photo : Hack Spirit
လက်တွဲဖော်ကောင်းတစ်ယောက်ဟာ ကိုယ့်ချစ်တဲ့သူအတွက်တော့ အမြဲတမ်း ပံ့ပိုးမှုတွေ ပေးနေမှာပါ။ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု / စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေနဲ့အတူ သင့်ရဲ့ စိတ်ကူးတွေ ၊ အိပ်မက်တွေနဲ့ စိန်ခေါ်မှုအတွက် ခွန်အားနဲ့ စိတ်အားတက်ကြွမှုရှိစေဖို့ လိုအပ်တဲ့အချိန်တွေမှာ သင့်အတွက်အမြဲ ရှိနေပါလိမ့်မယ်။
(၅) ကိုယ့်အတွက် စဉ်းစားပေးတက်တယ်
Photo : BetterHelp
ဒီအချက်ဟာလည်း အရေးကြီးပါတယ်။ လူတော်တော်များများက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ရင်တောင် ကိုယ့်ထက်ပိုပြီး ဘယ်အရာကိုမှ ဦးစားမပေးကြပါဘူး။ ကိုယ်အဆင်ပြေဖို့ ၊ ကိုယ်ပျော်ရွှင်ဖို့ကိုပဲ အလေးပေးကြတာပါ။ သင့်လက်တွဲဖော်က အသေးအမွှားလေးအက သင့်အတွက် သင့်စဉ်းစားပေးတယ် ၊ သင့်အတွက်ထည့်တွေး ပေးတက်တယ်ဆိုရင် ဒါဟာ တကယ့်ကိုပဲ သင့်အပေါ်ကောင်းမွန်တဲ့ လူတစ်ယောက်ဆိုတာ သက်သေပြနေတဲ့ အချက်တစ်ခုပါပဲ။
ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ လက်တွဲဖော်တစ်ယောက်ပိုင်ဆိုင်ထားတယ်ဆိုရင် သူမကို လုံးဝလက်လွှတ် မခံပါနဲ့ဗျ။
Featured Photo : Glam