နေ့တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပုံစံနဲ့ နေချင်ရင် အကောင်းဆုံး အလေ့အထလေးတွေ မွေးထားဖို့ လိုပါတယ်။ အကောင်းဆုံးနေ့စဉ် အလေ့အထလေးတွေကမှ အကောင်းဆုံး လူတစ်ယောက်ဖြစ်အောင် ပုံဖော်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကိုယ်စွမ်းဉာဏ်စွမ်း ကို အကောင်းဆုံး မြှင့်တင်နိုင်ပြီး သင့်ရဲ့ အကောင်းဆုံးဗားရှင်း ဖြစ်လာစေမယ့် နေ့စဉ်လုပ်စရာ အလေ့အထလေးတွေကို ညွှန်းလိုက်ရပါတယ်။
(၁) ပြုံးပါ
Photo: Unsplash
အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြုံးပြပြီး အကောင်းဆုံးတစ်နေ့တာ ဖြစ်ဖို့ ဆုတောင်းလိုက်ပါ။ အပြုသဘောဆောင်ပြီး ရိုးရှင်းတဲ့ ဒီအလေ့အထလေးဟာ သင့်ဦးနှောက်ထဲ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေ စီးဝင်လာဖို့ ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ ပထမဆုံး ဝင်လာတဲ့ ခံစားချက် Emotion တစ်ခုဟာ အကောင်းဘက် ရောက်လာရင် တစ်နေ့လုံးလည်း ကောင်းမွန်တဲ့နေ့ရက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
(၂) မနက်ခင်း လေ့ကျင့်ခန်းတွေ လုပ်ပါ
Photo: Unsplash
သင့်မနက်ကို Morning Exercise တွေနဲ့ စတင်ကြည့်ပါ။ မနက်ဘက် အားကစားလုပ်တာဟာ သင့်အတွက် ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို အားသွင်းပေးရာ ရောက်သလို အာရုံစူးစိုက်မှု တိုးတက်စေပြီး တစ်နေ့တာအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်ဖို့ ကိုယ့်ကို တစ်ခါတည်း ထိန်းညှိပြီး ဖြစ်စေမှာပါ။
(၃) အစားအသောက် မှန်ပါ။ ရေများများသောက်ပါ
Photo: Unsplash
အစားအသောက်ကို ဉာဏ်ရှိရှိ စားရင် အသက်ရှည် ကျန်းမာပါတယ်။ စိတ်လက်ချမ်းသာပြီး ခံစားချက်တွေ ကောင်းမွန်စေပါတယ်။ မှန်ကန်တဲ့ အစားအသောက်ဆိုတာ ကယ်လိုရီပါဝင်မှု မှန်ကန်သင့်မြတ်ပြီး ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေ ပေါများတဲ့ အစားအသောက်မျိုး ဖြစ်ဖို့ လိုပါတယ်။ လိုတာထက် ပိုပြီး မစားမိဖို့လည်း သတိပြုပါ။ မနက်ဘက်ဆို ရေများများ သောက်နိုင်သမျှ သောက်ပါ။
(၄) တစ်နေ့တာ အစီအစဉ်တွေ ချရေးပါ
Photo: Unsplash
မနက်ခင်းဟာ သင့်တစ်နေ့တာလုံးကို ပုံဖော်မယ့်အချိန်အပိုင်းအခြားတစ်ခု ဖြစ်ပါတယ်။ မနက်ဘက် သင့်ခေါင်းထဲက စဉ်းစားထားတဲ့ အစီအစဉ်နဲ့ အတွေးအခေါ်တွေက သင့်ရဲ့ တစ်နေ့တာလုံးရဲ့ အတက်/အကျကို ထိန်းချုပ်သွားလို့ ဖြစ်ပါတယ်။ မနက်စောစောမှာ တစ်နေ့တာအတွက် လုပ်စရာအစီအစဉ်တွေကို ချရေးထားခြင်းအားဖြင့် ဘာကို အလေးထား ဦးစားပေးလုပ်ရမလဲ သေချာသိလာစေသလို ကိုယ့်အတွက် အချိန်ပိုချန်ထားလို့ ရစေမှာလည်း ဖြစ်ပါတယ်။
(၅) စိတ်ခွန်အားမွေးဖို့ အချိန်ပေးပါ
Photo: Unsplash
အလုပ်ချိန်ကျော်ရင် အလုပ်မလုပ်တော့ဖို့ ပြောချင်ပါတယ်။ သင့်ရဲ့ တစ်နေ့တာဟာ အလုပ်နဲ့ဘဝ ဟန်ချက်မျှနေဖို့ လိုပါတယ်။ အလုပ်ပြီးအလုပ် နဲ့ တစ်ဘဝလုံးကို အလုပ်ကိစ္စကပဲ ချုပ်ကိုင်လွှမ်းမိုးထားတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ အချိန်ထားပါ။ သီချင်းလေးနားထောင်ပြီး စိတ်လက်ရွှင်လန်းဖို့ အချိန်ယူပါ။ တရားထိုင်ခြင်း ၊ စိတ်အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ရင်းနဲ့ ကိုယ့်ရဲ့ စိတ်ခွန်အားကို ကြီးထွားသန်မာလာစေဖို့ အချိန်ချန်ထားပါလို့ အကြံပေးလိုက်ရပါတယ်။
Featured Photo: lifehack