လူရယ်လို့ ဖြစ်လာရင် ကိုယ်ရှင်သန်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်အလိုက် စိတ်ဖိစီး မှုတွေ၊ ပင်ပန်းမှုတွေ ကြုံတွေ့ကြတာ ပုံမှန်ပါပဲ။ လူတိုင်းလူတိုင်းမှာ သူ့အတိုင်းအတာနဲ့ သူ စိတ်ပင်ပန်းမှုတွေ ရှိတတ်ပါတယ်။ များသောအားဖြင့် စိတ်ပင်ပန်းမှုတွေကို သည်းခံကျော်လွှားရင်း ပျောက်သွားလိုက်၊ ပြန်ပေါ်လာလိုက်နဲ့ သံသရာလည်တတ်ကြပါတယ်။ လူတွေက တစ်နည်းနည်းဖြင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှော့ချပြီး ရှင်သန်နေထိုင်ကြပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာ စိတ်ဖိစီးမှုတွေ စုံလာတာ၊ အဆင်မပြေမှုတွေ မကိုင်တွယ်နိုင်လောက်အောင် များပြားတာ၊ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေ ကြုံရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ပင်ပန်းလာပြီး ခြေကိုင်လက်ပန်းကျ လာတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ ကိုယ်ရော စိတ်ပါ ပင်ပန်းနေတဲ့ ကွီးတို့အတွက် ဒီလို အခြေအနေကို ကျော်လွှားနိုင်ဖို့ အသုံးဝင်တဲ့ နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

စိတ်ပင်ပန်းမှုကို ဖြစ်စေတဲ့ အကြောင်းအရာကို လက်ခံလိုက်ပါ

ကိုယ်ရော စိတ်ပါ

Photo : Paracelsus Recovery

စိတ်က အရာရာပါ။ စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားအတိုင်း စိတ်တွေပင်ပန်းလာတဲ့ အခါမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်လာပါတယ်။ ဒါ့ကြောင့် ကွီးတို့ကို ဘယ်အရာက စိတ်ဖိစီးမှု ဖြစ်စေတာလည်းဆိုတာ ရှာဖွေပြီး လက်ခံလိုက်ပါ။ ထိုသို့လက်ခံလိုက်ခြင်းဖြင့် ၎င်းတို့ကို ကျော်လွှားဖို့ နည်းလမ်းတွေက အမြဲရှိပါတယ်။ တစ်ခါတစ်ရံမှာ အချို့သော အရာတွေကို လက်ခံလိုက်ခြင်း၊ လျှော့ချလိုက်ခြင်းဖြင့် စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ သက်သာလာတာ တွေ့ရမှာပါ။

တစ်စုံတစ်ယောက်ကို ရင်ဖွင့်လိုက်ပါ

ကိုယ်ရော စိတ်ပါ

Photo : Focus on The Family

ကွီးတို့ ကိုယ်ရော စိတ်ပါ ပင်ပန်းနေတယ်ဆိုရင် တစ်ယောက်တည်း ကြိတ်ခံစားတာ၊ မြိုသိပ်ထားတာမျိုး မလုပ်ပါနဲ့။ အခြားသူတစ်ဦးဦးဆီက အကူအညီရယူပါ။ စိတ်ပင်ပန်းနေတဲ့ အကြောင်းအရာများကို ကွီးတို့မိသားစုကို သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်း သော်လည်းကောင်း၊ ချစ်သူကိုလည်းကောင်း ရင်ဖွင့်တိုင်ပင်ကြည့်ပါ။ ဘယ်လို အကူအညီတွေရနိုင်မလဲဆိုတာ  ဆွေးနွေးပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို မျှဝေခံစားပေးတဲ့ သူများကြောင့်လည်း ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေနိုင်ပါတယ်။

ချရေးလိုက်ပါ

ကိုယ်ရော စိတ်ပါ

Photo : Real Man Real Style

ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့ အရာတွေကို ပေါ့ပါးသွားစေဖို့ နောက်ထပ် နည်းလမ်းကောင်းတစ်ခုကတော့ ချရေးလိုက်တာပါပဲ။ ကွီးတို့ ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို စာရွက်ပေါ်မှာ အကုန်လုံးချရေးလိုက်ပါ။ ဒီလို ချရေးခြင်းက ကွီးတို့ရဲ့ အာရုံကြောများကို တည်ငြိမ်စေပြီး မကောင်းတဲ့ စိတ်ခံစားချက်များကို သိသိသာသာ လျော့ပါးသက်သာစေတာ တွေ့ရမှာပါ။

သဘာဝတရားနဲ့ ထိတွေ့ပါ

Photo : Vecteezy

ကွီးတို့ ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်း နွမ်းနယ်မှုကို ကျော်လွှားနိုင်ဖို့ ဆိုရင် အခန်းထဲမှာ ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားပါနဲ့။ လက်ရှိနေရာကနေ အပြင်ခဏထွက်လိုက်တာ ဒါမှမဟုတ် သဘာဝတရားနဲ့ ထိတွေ့လိုက်တာတာက စိတ်ပင်ပန်းမှုတွေ လျော့ပါးစေဖို့ နည်းလမ်းကောင်းပါပဲ။ ကွီးတို့ ပတ်ဝန်းကျင်ကို စိတ်ပင်ပန်းမှု ဖြစ်စေတဲ့ နေရာကနေ နာရီဝက်ခန့် ပြောင်းလဲလိုက်ပါ။ လတ်ဆတ်တဲ့လေနဲ့ နေရောင်ခြည်ရဲ့ ခံစားမှုက စိတ်ကို လန်းဆန်းစေနိုင်ပါတယ်။ ကွီးတို့ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို အထိုက်အလျောက် ကျော်လွှားနိုင်ပါတယ်။

လုံလောက်စွာ အိပ်စက်အနားယူပါ

Photo : Hone Health

စိတ်ရော ကိုယ်ပါ ပင်ပန်းနေတယ်ဆိုရင် ကွီးတို့ရဲ့ခန္ဓာကိုယ်ဟာ အိပ်စက်အနားယူဖို ပိုလိုအပ်ပါတယ်။ စိတ်ပင်ပန်းမှုတွေကို ခဏမေ့ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်ကြိုးစားလိုက်ပါ။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းကလည်း ကွီးတို့ နေ့စဉ် ကြုံတွေ့ခံစားနေရတာတွေကို လျော့ကျစေပါတယ်။ တစ်နည်းအားဖြင့် အိပ်ရေးပျက်ခြင်း၊ ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်းမရှိပါက ကွီးတို့ရဲ့ အခြေအနေကို ပိုမိုဆိုးဝါးစေပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

Photo : Blender

လူတော်တော်များက ကိုယ်ချစ်ရသူတွေ၊ ကိုယ့်အတွက် တန်ဖိုးထားရသူတွေကို ပိုပြီး ဂရုစိုက်လေ့ရှိပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး တန်ဖိုးထားဖို့ မေ့လျော့နေတတ်ပါတယ်။ ဒါ့အပြင် အလုပ်များလာတဲ့အခါ ဒါမှမဟုတ် စိတ်တွေပင်ပန်းလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ကို လစ်လျူရှုလိုက်ဖို့ ပိုပြီးလွယ်ပါတယ်။ ထို့သို့ ကိုယ့်ကိုယ်ကို ဂရုမစိုက်ခြင်းက အချိန်ကြာလာသည်နှင့်အမျှ ၎င်းက ဖိစီးမှုအခြေအနေများကို ရင်ဆိုင်ရာတွင် ကွီးတို့ရဲ့ ခံနိုင်ရည်ရှိနိုင်စွမ်းကို ထိခိုက်စေပါလိမ့်မယ်။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အလုံးစုံ ကျန်းမာပျော်ရွှင်ဖို့အတွက်ဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့က အမှန်ပင် အရေးကြီးပါတယ်။

အသစ်အဆန်းများ လုပ်ကြည့်ပါ

Photo : Pexel

စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ပြန်လည် တတ်ကြွလန်းဆန်းဖို့ဆိုရင် အသစ်အဆန်းလေးတွေ လုပ်ကြည့်တာကလည်း နည်းလမ်းကောင်းပါပဲ။ ကိုယ်ဝါသနာပါတာ တစ်ခုခုကို လုပ်ကြည့်ပါ၊ ဒါမှမဟုတ် ဘာသာစကားအသစ်တစ်ခုခုကို သင်တာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။ အားကစားအသစ်တစ်ခုကို စမ်းကစားကြည့်တာမျိုးလည်း ကောင်းပါတယ်။ ဒါ့အပြင် တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ ယောဂကျင့်တာ နဲ့ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။

စိတ်ရော ကိုယ်ပါ ပင်ပန်းနေတဲ့ ကွီးတို့အတွက် ဒီနည်းလမ်းကောင်းလေးတွေက အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : BetterUp

Featured Photo : Pexels