အကာကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့်ကူးစက်တက်တဲ့ ရောဂါပိုးတွေ ( STIs ) ကို ဖြစ်စေနိုင်တယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ ဆေးပညာတိုးတက်လာတာနဲ့အမျှ HIV လို လိင်မှတဆင့်ကူးစက်တက်တဲ့ ရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ (PrEP) နဲ့ Post Exposure Prophylaxis (PEP) တို့လို ဆေးဝါးတွေ ပေါ်လာနေပြီ ဖြစ်ပေမယ့်လည်း အခြား လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေ (STI/Ds) ကို လုံးဝမေ့ထားလို့ မရပြန်ပါဘူး။ STI ရောဂါတွေဟာ အချို့သော မျိုးမပွားနိုင်မှု ၊ ကင်ဆာ သို့မဟုတ် ကိုယ်ဝန်နောက်ဆက်တွဲတွေကို ဖြစ်ပေါ်စေနိုင်ပြီး HIV ဖြစ်နိုင်ခြေကိုလည်း တိုးမြင့်စေနိုင်တယ်ဆိုတာ သိထားရပါမယ်။ ဒီဆောင်းပါးလေးမှာတော့ ကုရာ နတ္ထိ ဆေးမရှိတဲ့ STIs ၄ မျိုးကို ပြောပြပေးချင်ပါတယ်။
(၁) Hepatitis B (အသည်းရောင်အသားဝါ ဘီရောဂါပိုး)
Photo : Metropolis Healthcare
Hepatitis B (အသည်းရောင်အသားဝါ ဘီရောဂါပိုး) ဟာ လိင်မှတဆင့် ကူးစက်နိုင်ပြီး အသည်းရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ အဆိုပါ ရောဂါပိုးဟာ အသည်းခြောက်ခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး အသည်းပျက်စီးမှုကို ဖြစ်စေပါတယ်။ Hepatitis B (အသည်းရောင်အသားဝါ ဘီရောဂါပိုး) ဟာ အလွန်ကူးစက်လွယ်တဲ့ ရောဂါပိုးတွေထဲမှ တစ်ခုဖြစ်ပြီး သုတ်ရည် ၊ မိန်းမကိုယ်ကနေထွက်တဲ့ အရည်တွေ ၊ သွေး ဒါမှမဟုတ် ဆီးတို့နဲ့ ထိတွေ့ခြင်းကနေ ကူးစက်နိုင်ပါတယ်။ ဒီရောဂါဟာ ကုသဖို့ ဆေးမရှိပေမယ့် ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့တော့ ရပါတယ်။
(၂) Herpes (ရေယုန်ရောဂါ)
Photo : Verywell Health
Herpes (ရေယုန်ရောဂါ) ဟာလည်း မိန်းမကိုယ် ၊ စအို ဒါမှမဟုတ် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းတွေကနေ တဆင့် ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးဟာ အဓိကအားဖြင့် ပုံစံ ၂ မျိုးနဲ့ ဖြစ်ပေါ်တက်ပြီး တစ်မျိုးမှာ ပါးစပ်နဲ့ နှုတ်ခမ်းတဝိုက် အနာပေါက်တာနဲ့ နောက်တစ်မျိုးကတော့ လိင်အင်္ဂါတဝိုက်မှာ ယားယံတာ ၊ အနီကွက်တွေပေါ်တာမျိုး ဖြစ်တက်ပါတယ်။ Herpes (ရေယုန်ရောဂါ) ဟာ ကူးစက်လွယ်ပြီး လက္ခဏာမပြပဲ ကူးစက်တက်သလို မကြာခဏ ပြန်ဖြစ်တာမျိုးလည်း ရှိတက်ပါတယ်။
(၃) HIV (ခုခံအား ကျဆင်းတဲ့ရောဂါ)
Photo : News-Medical.net
Human Immunodeficiency Virus (HIV) ကတော့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတစ်ခုဖြစ်ပြီး ကူးစက်ခံရပါက ခုခံအားစနစ်ကို ပြင်းထန်စွာ ထိခိုက်စေတဲ့ နာတာရှည်ရောဂါများတွေထဲက တစ်ခုဖြစ်ပါတယ်။ HIV ပိုးကူးစက်ခံရပါက AIDS ရောဂါသို့ အဆင့်တက်ဖြစ်ပွားနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ HIV/ AIDS အတွက် ကုသဆေးမရှိသေးပေမယ့် ကူးစက်မှုကိုကြိုတင်ကာကွယ်နိုင်တဲ့ ဆေးဝါးတွေနဲ့ ကူးစက်ပြန့်ပွားနှုန်းကို လျှော့ချပေးနိုင်တဲ့ Antiretroviral Therapy (ART) လို ဆေးဝါးတွေတော့ ပေါ်နေပါပြီ။
(၄) Human papillomavirus (HPV)
Photo : Weill Cornell Medicine
Human papillomavirus (HPV) ဟာ အဖြစ်အများဆုံး လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုး ( STIs ) တစ်ခု ဖြစ်ပါတယ်။ HPV ရောဂါပိုးဟာ အမျိုးသားရော ၊ အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ပြီး လိင်မှုကိစ္စမကြာခဏ ပြုလုပ်လေ့ရှိတဲ့ လူငယ်တွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ Human papillomavirus (HPV) ရောဂါပိုးဟာ ကူးစက်ခံရပါက ကုသဖို့ခက်ခဲသလို ကင်ဆာရောဂါလည်း ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။
Featured Photo : Men’s Health South Africa