ချစ်တင်းနှောနေစဉ် အချိန်အတွင်း ကြွက်တက် တဲ့ ပြဿနာဟာ လူတော်တော်များများမှာ အဖြစ်များပါတယ်။ ဒီအခြေအနေက အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ပြီး အင်မတန် စိတ်ကသိကအောက် ဖြစ်စရာပါ။ ကြွက်တက်တာဟာ ယာယီအားဖြင့် ခြေသလုံး ကြွက်သားတွေ ကျုံ့သွားတာဖြစ်ပြီး မသက်မသာ ခံစားမှုနဲ့အတူ နာကျင်တဲ့ ဝေဒနာကို ခံစားရတာ ဖြစ်ပါတယ်။ လိင်ဆက်ဆံစဉ်မှာ ကြွက်တက်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေ အများကြီးရှိနေပြီး ဒီဆောင်းပါးမှာတော့ ဘာကြောင့် ဖြစ်ရလဲဆိုတဲ့ ဖြစ်နိုင်ခြေ အရှိဆုံး အချက်တွေကို ပြောပြပေးပါမယ်။
(၁) ရေဓာတ်ခမ်းခြောက်လို့
Photo : Complete Care
ရေဓာတ်ခမ်းခြောက်ခြင်းက အတူနေချိန်မှာ ကြွက်တက် စေတဲ့ ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းအရင်း တစ်ခုပါပဲ။ ရေဓာတ်ခမ်းခြောက်တဲ့အခါ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုနဲ့ ဆက်စပ်နေတဲ့ အီလက်ထရိုလိုက် မညီမျှမှုကို ဖြစ်စေတဲ့အတွက် ကြွက်တက်နိုင်ခြေ ပိုများတာ ဖြစ်ပါတယ်။
(၂) ကြွက်သားတွေ ပင်ပန်းနွမ်းနယ်နေလို့
Photo : Harvard Health
လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအပါအဝင် ခန္ဓာကိုယ် လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေဟာ ကြွက်သားတင်းမာမှု ဒါမှမဟုတ် ကြွက်သား ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ လိင်ဆက်ဆံစဉ်အတွင်းမှာ ခန္ဓာကိုယ် ကြွက်သား အစိတ်အပိုင်း များစွာကို အသုံးပြုပြီး လှုပ်ရှားမှု ပြုလုပ်ရတဲ့အတွက် ကြွက်သားတွေ တင်းမာတာ ၊ ကြွက်သား လိမ်ခေါက်တာတွေ ဖြစ်နိုင်ပြီး ကြွက်တက်တာ အပါအဝင် ဗိုက်အောင့်ခြင်း ၊ ခါးနာခြင်း ဝေဒနာတွေကိုလည်း ခံစားရစေနိုင်ပါတယ်။
(၃) ချွေးအလွန်အကျွံထွက်လို့
Photo : Men’s Health
ချစ်တင်းနှောခြင်းဟာ လေ့ကျင့်ခန်း ပြုလုပ်သကဲ့သို့ ချွေးထွက်စေနိုင်ပါတယ်။ ချွေးအလွန်အကျွံ ထွက်တဲ့အခါ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်လိုမျိုး အီလက်ထရိုလိုက်တွေ ဆုံးရှုံးပါတယ်။ ဒီလို ချွေးထွက်ခြင်းကြောင့် အီလက်ထရိုလိုက်တွေ ဆုံးရှုံးတာဟာ မကြာခဏဆိုသလို ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို့ South Carolina ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ရဲ့ စာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။
(၄) အော်ဂဇင်ရလို့
Photo : VICE
အထွတ်အထိပ် ခံစားမှု အော်ဂဇင် ရတဲ့အခါမှာလည်း ကြွက်တက် ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အော်ဂဇင် ဖြစ်နေချိန်မှာ တင်ပါးဆုံတွင်း ကြွက်သားတွေကို အလိုအလျောက် ယာယီကျုံ့သွားစေသလို ခြေထောက်နဲ့ ဝမ်းဗိုက်ကြွက်သားတွေလို ခန္ဓာကိုယ်ရှိ အခြားကြွက်သား အစိတ်အပိုင်းတွေကိုလည်း ကျုံ့သွားစေတက်ပါတယ်။ ဒါကြောင့် ချစ်တင်းနှော နေချိန်မှာ ဖြစ်စေ ၊ တစ်ကိုယ်ရည် အာသာဖြေ ချိန်မှာပဲ ဖြစ်စေ အော်ဂဇင်ရတဲ့အခါမှာ ကြွက်တက်ခြင်းကို ခံစားရနိုင်တာ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : Quanna