ကော်ဖီတစ်ခွက်ဟာ စွမ်းအင်ကို မြှင့်တင်ပေးပြီး လန်းဆန်းတက်ကြွစေရုံသာမက အသားအရေ ကျန်းမာရေးအတွက်လည်း များစွာအထောက် အကူ ပြုပါတယ်။ ကော်ဖီမှာ ကဖိန်း ၊ ပိုလီဖီနောနဲ့ Diterpenes တို့လို မတူညီတဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်ပြီး ၎င်း ဒြပ်ပေါင်းတွေက အရေ ပြားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတဲ့အပြင် အသားအရေအတွက်လည်း အကျိုးကျေးဇူးများစွာ ပေးစွမ်းပါတယ်။ အသားအရေအတွက် ကော်ဖီကပေးတဲ့ အကျိုးကျေးဇူးတွေထဲမှာ အသားအရေ ပျက်စီးမှုကို လျှော့ချပေးနိုင်ခြင်း ၊ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို တိုက်ထုတ် ပေးခြင်း ၊ အရေပြားပေါ်မှာ အဆီပိုတွေစုပုံခြင်းကို လျှော့ချပေးပြီး အသားအရေကို တင်းရင်းစေခြင်း ၊ အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း ၊ ဝက်ခြံတွေကို လျှော့ချပေးနိုင်ခြင်းအပြင် ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ များစွာပါဝင်ပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာကတော့ အသားအရေအတွင်းပိုင်းအထိ အာဟာရဖြည့်တင်းပေးပြီး စိုပြေဝင်းမွတ်တဲ့ မျက်နှာပိုင်ရှင်လေးဖြစ်ဖို့ အိမ်မှာကိုယ်တိုင် အလွယ်ကူဆုံး ပြုလုပ်နိုင်မယ့် DIY ကော်ဖီ Face Mask တွေပဲ ဖြစ်ပါတယ်။
DIY ကော်ဖီ Face Mask တွေပြုလုပ်တဲ့အခါ အသုံးပြုမယ့် ကော်ဖီမှုန့်ဟာ သဘာဝအတိုင်း စိုက်ပျိုးထားပြီး ဓာတုပစ္စည်းတွေ ပါဝင်မှု မရှိစေဖို့ အထူးသတိပြုသင့်ပါတယ်။ ကော်ဖီမှာ မှိုသတ်ဆေး ၊ ပိုးသတ်ဆေးနဲ့ ဓာတုဓာတ်မြေသြဇာတွေကဲ့သို့ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေ ပါဝင်နေမယ်ဆိုရင် ကွီးတို့ရဲ့ မျက်နှာအသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးရလဒ်တွေ ပိုင်ဆိုင်နိုင်စေဖို့ အော်ဂဲနစ်ဖြစ်တဲ့ ကုန်ကြမ်းတွေကို အသုံးပြုဖို့ အကြံပြုချင်ပါတယ်။
(၁) ကော်ဖီနဲ့ နွားနို့ Face Mask
ပထမဆုံးပြောပြပေးချင်တဲ့ DIY ကော်ဖီ Face Mask လေးကတော့ ကော်ဖီနဲ့ နွားနို့ကို အသုံးပြုပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကော်ဖီနဲ့ နွားနို့ Face Mask က အသားအရေကို သန့်စင်စေပြီး နူးညံ့ချောမွေ့နေစေပါတယ်။ နို့ရည်ဟာ အသားအရေကို နူးညံ့ချောမွေ့စေတဲ့ အာနိသင်ရှိပါတယ်။ ထူးခြားတဲ့ အကောင်းဆုံး ရလဒ်ရရှိဖို့ ကော်ဖီနဲ့ နွားနို့ ပေါင်းစပ်ဖန်တီးထားတဲ့ DIY Face Mask လေးကို တစ်ပတ်လျှင် အနည်းဆုံး ၃ ကြိမ် အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ
- ကော်ဖီမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း
အသုံးပြုနည်းအဆင့်ဆင့်
- ကော်ဖီမှုန့်နဲ့ နွားနို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်ပြီး ခပ်ပျစ်ပျစ်အနှစ်ရလာတဲ့အထိ သေချာသမအောင် မွှေပေးပါ။
- မျက်နှာကို သုံးနေကျ မျက်နှာသစ်ဆေးနဲ့ သန့်စင်ပြီး မျက်နှာနဲ့လည်ပင်းအနှံ့ ခပ်ပါးပါး လိမ်းပေးပါ။
- ကော်ဖီနဲ့ နွားနို့ Face Mask ကို မျက်နှာမှာလိမ်းပြီး အနည်းဆုံး မိနစ် ၂၀ ခန့် ထားလိုက်ပါ။
- အချိန်ပြည့်ရင် မျက်နှာကို ကြက်သီးနွေးရေနဲ့ သန့်စင်အောင် ဆေးကြောလိုက်လို့ ရပါပြီ။
(၂) ကော်ဖီ ၊ ဒိန်ချဉ်နဲ့ နနွင်း Face Mask
Photo : Alternative Daily
ကော်ဖီက အသားအရေကို ကြည်လင်စေပြီး နနွင်းကတော့ အသားအရည်ကို စိုပြေစေတဲ့ အာနိသင်ရှိပါတယ်။ နနွင်းဟာ မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို လျော့ပါးစေတယ်လို့လည်း လူသိများပါတယ်။ ဒိန်ချဉ်ကတော့ အသားအရေ အစိုဓာတ်ကို ဖြည့်တင်းပေးပြီး အသားအရေ တင်းရင်းမှုကို တိုးစေပါတယ်။ ဒီကော်ဖီ Mask ဟာ ဝက်ခြံပေါက်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေလည်း သုံးနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်ခန့် အသုံးပြုပေးနိုင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ
- ကော်ဖီမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း
- နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
အသုံးပြုနည်းအဆင့်ဆင့်
- နနွင်း ၊ ကော်ဖီနဲ့ ဒိန်ချဉ်တို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်ပြီး သမအောင်မွှေပေးပါ။
- ရလာတဲ့ အနှစ်ကို မျက်နှာအနှံ့ ညီညာစွာ လိမ်းပေးပါ။
- ပြီးတဲ့အခါ မျက်နှာကို စက်ဝိုင်းပုံစံ ညင်သာစွာ နှိပ်နယ်ပေးပါ။
- ထို့နောက် မိနစ် ၂၀ ခန့် ထားလိုက်ပါ။
- အချိန်ပြည့်ရင်တော့ ရေခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။
(၃) ကော်ဖီ ၊ ပျားရည်နဲ့ ဒိန်ချဉ် Face Mask
Photo : Grace Kim James
ပျားရည်မှာ ဘက်တီးရီးယားပိုးမွှားတွေနဲ့ အရေပြားကို အကျိုးပြုနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ကော်ဖီနဲ့ ဒိန်ချဉ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်းတွေ လျော့ပါးစေနိုင်ပါတယ်။ ကော်ဖီ ၊ ပျားရည်နဲ့ ဒိန်ချဉ် Face Mask ကို တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် အသုံးပြုပေးနိုင်ပါတယ်။
- ကော်ဖီမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း
- သဘာဝ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
အသုံးပြုနည်းအဆင့်ဆင့်
- ကော်ဖီ ၊ ပျားရည်နဲ့ ဒိန်ချဉ်တို့ကို ဇလုံတစ်ခုထဲမှာ ရောထည့်ပြီး သေချာသမအောင်မွှေပေးပါ။
- ရလာတဲ့ အရောအနှောကို မျက်နှာအရေပြားပေါ် ညင်သာစွာ နှိပ်နယ်ပြီး လိမ်းပေးပါ။
- မျက်လုံးထဲ မဝင်အောင်တော့ အထူးဂရုစိုက်ရပါမယ်။
- ပြီးတဲ့အခါ မိနစ် ၂၀ ခန့် ထားလိုက်ပါ။
- အချိန်ပြည့်ရင် ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။
Featured Photo : Pure Kopi Luwak