လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ ကျော်လောက်ကတည်းက ဆေးဖက်ဆိုင်ရာ ကုသမှုတွေအတွက် သဘာဝ ဆေးဖက်ဝင်အပင်တွေကို အသုံးပြုခဲ့ကြကြောင်း ရှေးခေတ် တရုတ်စာပေနဲ့ အီဂျစ်ကျမ်းစာတွေထဲမှာ ဖော်ပြထားပါတယ်။ Herb ဆိုတဲ့ စကားလုံးဟာ လက်တင်ဘာသာစကား “Herba” နဲ့ ပြင်သစ်စကားလုံး “Herbe” မှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဆေးဖက်ဝင်အပင် ဖြစ်ပါတယ်။ ဆေးဖက်ဝင် အပင် တွေကို ရိုးရာဆေးကုသနည်းတွေ ၊ ဆေးဝါးတွေ ၊ ဖြည့်စွက် အစားအစာနဲ့ အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်တွေမှာ အသုံးပြုပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျန်းမာရေး အတွက် အကျိုးပြုတဲ့ ဆေးဖက်ဝင် အပင် တွေနဲ့ တစ်ခုစီရဲ့ အစွမ်းထက် အာနိသင်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Aloe Vera

Photo : Prevention.com

ရှားစောင်းလက်ပတ်ပင်ဟာ ကမ္ဘာပေါ်က ရှေးအကျဆုံးနဲ့ လူသိအများဆုံး ဆေးဖက်ဝင်အပင်ဖြစ်ပါတယ်။ တော်တော်များများကတော့ ရှားစောင်းလက်ပတ်ကို အလှအပရေးရာအတွက် အသုံးပြုကြပါတယ်။ တချို့က ရှားစောင်းလက်ပတ်ကို ဖျော်ရည်အဖြစ် သောက်လေ့ရှိကြပြီး တချို့ကတော့ အသားအရေနဲ့ ဆံပင် ကျန်းမာရေး အတွက် ဂျယ်လ်ကို တိုက်ရိုက်လိမ်းကြပါတယ်။ ပြောရရင် ရှားစောင်းလက်ပတ်ဟာ အလှကုန်နဲ့ ဆေးဝါးလုပ်ငန်းတွေမှာ အလွန်အသုံးများပါတယ်။ အရေပြား ဒဏ်ရာတွေ ၊ အပူလောင်ခြင်း ၊ အရေပြားယားယံခြင်း ၊ ဒဏ်ရာအနာတရနဲ့ အင်းဆက်ပိုးမွှားကိုက်ခံရခြင်းတို့ကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ရှားစောင်းလက်ပတ်ဟာ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တဲ့ အကျိုးအာနိသင်လည်း ရှိပါတယ်။

(၂) Basil

Photo : The Spruce

Basil လို့ခေါ်တဲ့ ပင်စိမ်းပင်ဟာ ကျန်းမာရေးအတွက်များစွာ အကျိုးပြုတဲ့ ဆေးဖက်ဝင် အပင် တစ်မျိုး ဖြစ်ပါတယ်။ ပူနွေးတဲ့အပူချိန် ၊ ကောင်းစွာစိမ့်ဝင်နိုင်စွမ်းရှိတဲ့ မြေဆီလွှာ ၊ ရေလောင်ခြင်း ၊ ပေါင်းသင်ခြင်းနဲ့ တစ်လတစ်ကြိမ် မြေသြဇာထည့်ပေးခြင်းဖြင့် ကောင်းစွာရှင်သန်ကြီးထွားနိုင်ပါတယ်။ ပင်စိမ်းပင်ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေကာ ရောင်ရမ်းမှုတွေကို ကုသပေးခြင်း၊ ဖရီးရယ်ဒီကယ်များကို တိုက်ဖျက်ပေးခြင်း၊ အရေပြားကို နက်ရှိုင်းစွာ သန့်စင်ပေးခြင်း၊ ဆီးချိုရောဂါကို လျော့ကျစေခြင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တင်းကျပ်မှုတွေကို လျှော့ချပေးခြင်းနဲ့ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းစတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းပါတယ်။ ပင်းစိမ်းကို ဟင်းလျာတွေမှာထည့်ချက်သလို ၊ အသုပ် ၊ ဟင်းချိုအဖြစ်လည်း စားသုံးနိုင်ပါတယ်။

(၃) Coriander

Photo : Medical News Today

လူတော်တော်များများ သိပ်မကြိုက်ကြတဲ့ နံနံပင်ဟာ ကျန်းမာရေးအရတော့ အတော်လေး အကျိုးပြုတဲ့ ဆေးဖက်ဝင် နွယ်ဝင် အပင် တစ်မျိုး ဖြစ်ပါတယ်။ နံနံရွက်မှာ ဗီတာမင် C ၊ ဗီတာမင် K ၊ ကယ်လ်စီယမ် ၊ ပရိုတင်း ၊ ပိုတက်စီယမ် ၊ သိုင်ရာမင်း ၊ ဖော့စဖရပ်၊ ဗီတာမင် B3 နဲ့ ကာရိုတင်း တို့ ပါဝင်ပါတယ်။ နံနံပင်ဟာ အင်ဆူလင်ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ကိုလက်စထရော ပမဏကို လျှော့ချပေးခြင်း ၊ အယ်လ်ဇိုင်းမားရောဂါကို ကုသပေးခြင်း ၊ အသည်းရဲ့ လုပ်ဆောင်ချက်နဲ့ အူလမ်း ကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးခြင်း၊ ခံတွင်းအနာကို ပျောက် ကင်းစေခြင်း၊ မျက်စိရောဂါပြဿနာတွေကို ကာကွယ်ပေးခြင်းနဲ့ သွေးအားနည်းရောဂါကို ပျောက်ကင်းသက်သာစေတဲ့ အစွမ်း သတ္တိတွေ ရှိပါတယ်။

(၄) Mint


Photo : Dr. Weil

ရှိန်းတိန်းတိန်း အေးမြမြ အရသာရှိနဲ့ ပူစီနံပင်ဟာလည်း ဆေးဖက်ဝင် အနွယ်ဝင် အပင် တစ်မျိုး ဖြစ်ပါတယ်။ ပူစီနံပင်ကို အစိမ်းအတိုင်းဖြစ်စေ သို့မဟုတ် အခြောက်ခံပြီးဖြစ်စေ အစားအ သောက်တွေမှာ အလှဆင်ဖို့အတွက် အသုံးပြုကြပါတယ်။ ပူစီနံ ၊ နံနံပင် ၊ ဂျင်းနဲ့ကြက်သွန်ဖြူ တို့ပါဝင်တဲ့ Mint Chutney လို့ခေါ်တဲ့ အစိမ်းရောင် ဆော့စ်အနှစ်ဟာ အိန္ဒိယလူမျိုးတွေကြားမှာတော့ အလွန်ကျော်ကြားပါတယ်။ ပူစီနံပင်ဟာ ဗီတာမင် A ၊ မန်းဂနိစ် ၊ ဖောလိတ်နဲ့ သံဓာတ် အရင်းအမြစ် ဖြစ်ပါတယ်။ အူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပြီး အစာချေဖျက်ရာမှာ အထောက်အကူပြုသလို ၊ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေဖို့ အထောက်အကူ ပြုပါတယ်။ အအေးမိခြင်း လက္ခဏာတွေနဲ့ ခံတွင်းနံ့ဆိုးထွက်ခြင်းကိုလည်း အလွယ်ကူဆုံး သက်သာပျောက်ကင်းစေနိုင်စွမ်း ရှိပါတယ်။

(၅) Curry Leaves

Photo : Lakpura LLC

Curry Leaves ဆိုတာကတော့ မြန်မာအခေါ် ပျဉ်းတော်သိမ်ရွက် ဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်ဟာ အိန္ဒိယနိုင်ငံနဲ့ အရှေ့နိုင်ငံတွေမှာ အသုံးများတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်ပါတယ်။ ဟင်းလျာတွေရဲ့ အနံ့အရသာကို ပိုမိုပြည့်စုံကောင်းမွန်စေဖို့ ရှေးခေတ်နှစ်ပေါင်းများစွာကတည်းက ခေတ်အဆက်ဆက်အသုံးပြုခဲ့ကြပါတယ်။ လူတွေသိပ်မသိသေးတဲ့ အချက်တစ်ခုကတော့ ပျဉ်းတော်သိမ်ရွက်ဟာ ဆေးဖက်ဝင် အကျိုးအာနိသင်တွေ များစွာပါတဲ့ အရွက်တစ်မျိုး ဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်ဟာ ကိုယ်အလေးချိန် လျော့ချပေးခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊ ဆီးချိုဝေဒနာရှင်များအတွက် အထောက်အကူပြုခြင်း၊ ဒဏ်ရာအနာတရတွေကို ပျောက်ကင်းစေခြင်း၊ မျက်စိအားကောင်းစေခြင်း၊ ပျို့အန်ခြင်းကို သက်သာခြင်းနဲ့ မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေခြင်း စတဲ့အကျိုးကျေးဇူးတွေများစွာရှိပါတယ်။

Featured Photo : Epicurious