အစားအသောက်ဟာ လူ့ခန္ဓာကိုယ်အတွက် လောင်စာဖြစ်သလို အသက်ရှည် ရောဂါနည်းကြောင်းလည်း အထောက်အပံ့ ဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက လူရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် အရေးပါတာကြောင့် ဒီတစ်ခေါက်မှာ ကျန်းမာရေး နဲ့ ညီညွတ်ပြီး ရိုးရှင်းတဲ့ ညစာ အစားအသောက် တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ဆယ်လ်မွန်ငါး

Salmon

Photo : Pexels

အမေရိကန်အာဟာရရေးရာ ညွှန်ကြားမှုအဖွဲ့ကတော့ တစ်ပတ်ကို ငါးဟင်း နှစ်နပ် – သုံးနပ် စားပေးသင့်တယ်လို့ ထောက်ခံအကြံပြုထားပါတယ်။ ဒီထဲမှာမှ ဆယ်လ်မွန်ငါးဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလို့ ဆိုပါတယ်။ ဦးနှောက်အတွက် ဗိုက်တာမင်ဓါတ်အစုံ ကြွယ်ဝပြီး ပရိုတိန်းဓါတ်လည်း မြင့်မားပါတယ်။ ဆယ်လ်မွန်ငါး စားတာဟာ နှလုံးကျန်းမာရေး ပိုကောင်းစေသလို အိပ်စက်မှုအရည်အသွေးလည်း တိုးတက်စေပါတယ်။

(၂) ကန်စွန်းဥ

Sweet Potatoes

Photo : Pexels

ကန်စွန်းဥဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားဖွယ်တစ်မျိုး ဖြစ်သလို ပြုတ်ကင် ကြော် အမျိုးမျိုး လုပ်စားလို့လည်း ရပါတယ်။ ခရမ်းရောင် ၊ လိမ္မော်ရောင် နဲ့ အဖြူရောင် ကန်စွန်းဥအမျိုးမျိုး ရှိပြီး အူကျန်းမာရေးအတွက်ကောင်းသလို မျက်စိကျန်းမာရေးလည်း အားပေးပါတယ်။

(၃) ကုလားပဲ

Chickpea

Photo : Pexels

အပင်အခြေခံ ပရိုတိန်းတစ်ခုဖြစ်တဲ့ ကုလားပဲဟာ အရသာရှိပြီး အမျိုးမျိုး စီမံချက်ပြုတ် စားသောက်လို့ လွယ်ကူတဲ့ အစားအသောက် ဖြစ်ပါတယ်။ ညစာအတွက်ဆို အသားတစ်မျိုးမျိုးနဲ့ စွပ်ပြုတ်လုပ်နိုင်သလို သုတ်စားတာမျိုးလည်း လုပ်နိုင်ပါတယ်။

(၄) အရွက်သုတ်

Salad

Photo : Pexels

ညစာ အတွက် အသီးအရွက်စုံ Dinner Salad တစ်ခွက်ကလည်း ကျန်းမာရေးအတွက် မိတ်ဖက်အစားအသောက်လို့ ဆိုနိင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း ၊ သခွား ၊ ငရုတ်ပွ ၊ မုန်လာဥ ၊ ပဲသီး ၊ ကြက်သွန်နီတို့အပြင် အစိမ်းသုတ်စားနိုင်မယ့် အရွက်တွေနဲ့ အသုတ်တစ်ပွဲဟာ ကောင်းမွန်ရိုးရှင်းပြီး ကျန်းမာရေးနဲ့ ညီတဲ့ ညစာဖြစ်တယ်လို့ လေ့လာမှုတွေက ပြောထားပါတယ်။

(၅) အစိမ်းရင့်ရောင် အရွက်များ

Vegetables

Photo : Pexels

ဟင်းနုနွယ်ရွက် ၊ ကိုက်လန် ၊ မုန်ညင်း ၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစိမ်းရင့်ရောင်အရွက်တွေမှာ အမျှင်ဓါတ် ၊ သံဓါတ် ၊ ဖိုလိတ် ၊ ပိုတက်ဆီယမ် ၊ ဗိုက်တာမင် အေ ၊ စီ ၊ ကေ စတဲ့ အာဟာရဓါတ်တွေ ကြွယ်ဝစွာ ပါရှိပါတယ်။ အစိမ်းရင့်ရောင် အရွက်တွေဟာ စွပ်ပြုတ် ၊ စတူး ၊ ပါစတာဆော့စ် ၊ အသုတ် ၊ အကြော် စသည်ဖြင့် အမျိုးမျိုး လုပ်စားလို့လည်း လွယ်ပါတယ်။

Featured Photo : pressdemocrat