အစာအာဟာရနဲ့ ကျန်းမာရေးဟာ တိုက်ရိုက်ဆက်စပ်နေတာပါ။ လူတစ်ယောက် နေ့စဉ် စားသုံးတဲ့ အစားအစာ တွေနဲ့ စားသောက်မှုပုံစံပေါ်မူတည်ပြီး ကျန်းမာရေး အခြေအနေတွေဟာလည်း အများကြီးပြောင်းလဲ သွားနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံတစ်ခုကို ပုံဖော်ချင်တယ်ဆိုရင် အဓိက အားဖြင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ၊ အသီးအနှံတွေ ၊ ပရိုတင်းဓာတ်ရတဲ့ အသားတွေ ၊ အစေ့အဆန်တွေ နဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ပြည့်စုံမျှတအောင် စားပေးဖို့ လိုပါတယ်။ အသက်လေးရလာချိန်မှာ ကျန်းမာကြံ့ခိုင်တဲ့ Lifestyle တစ်ခုကို ထိန်းထားချင်တယ်ဆိုရင်တော့ တစ်နေ့တာမှာ အခုပြောပြမယ့် အစားအစားတွေကို မပါမဖြစ် ထည့်စားပေးဖို့ လိုပါလိမ့်မယ်။

(၁) အမျှင်ဓာတ်

Photo : WebMD

အသီးအနှံ ဟင်းသီးဟင်းရွက်တွေ ၊ Oatmeal ၊ အခွံမာသီးနဲ့ ပဲအမျိုးမျိုး တို့လို အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ တွေဟာ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးအဖြစ်များတဲ့ ဝမ်းချုပ်ခြင်းပြဿနာကို ကူညီဖြေရှင်း ပေးနိုင်ပါတယ်။ အမျှင်ဓာတ်များများပါတဲ့ အစားအစာတွေဟာ ကိုလက် စထရောပမဏကို လျှော့ချဖို့ ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့နဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားပေးဖို့လည်း အထောက် အကူပြုပါတယ်။ အသက် ၅၁ နှစ်နဲ့အထက် အမျိုးသားတစ်ယောက်ဟာ တစ်နေ့လျှင် အမျှင်ဓာတ် ၃၀ ဂရမ် စားပေးဖို့ လိုအပ်ပြီး အမျိုးသမီးတစ်ယောက်အတွက်ကတော့ အမျှင်ဓာတ် ၂၁ ဂရမ် ခန့် စားသုံးပေးဖို့ လိုအပ်ပါတယ်။

(၂) Whole Grains

Photo : WebMD

Whole Grain လို့ခေါ်တဲ့ ဂျုံအကြမ်း ၊ ဆန်အကြမ်းတွေဟာ အမျှင်ဓာတ်ရဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဗီတာမင် B ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် အသက်ကြီးလာတာနဲ့အမျှ လိုအပ်လာမှာ ဖြစ်ပါတယ်။ ဗီတာမင် B-6 နဲ့ ဖောလိတ်တို့ဟာ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုအတွက် များစွာထောက်ပံ့ပေးသလို ဦးနှောက်ကျန်းမာစေဖို့အတွက်လည်း အဓိက သော့ချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အစေ့အဆန်တွေဟာ နှလုံးရောဂါ ၊ ကင်ဆာနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့အတွက် ဂျုံနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကြမ်း ၊ ဆန်လုံးညို တို့လို အစားအစာ တွေကို တစ်နေ့တာမှာ မပါမဖြစ် စားသုံးပေးသင့်ပါတယ်။

(၃) အခွံမာသီး

Photo : WebMD

ဗာဒံစေ့ ၊ သစ်ကြားသီး ၊ သီဟိုဠ်စေ့၊ Pecans နဲ့ ပီစတာချီယို တို့လို အခွံမာသီးတွေမှာ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ အများကြီး ပါရှိပါတယ်။ အခွံမာသီးတွေဟာ အသက်အရွယ်နဲ့ ဆိုင်တဲ့ နှလုံးရောဂါ ၊ လေဖြတ်ခြင်း ၊ အမျိုးအစား ၂ ဆီးချိုရောဂါ ၊ အာရုံကြောရောဂါနဲ့ ကင်ဆာအမျိုးအစားအချို့ကို ကာကွယ်ကုသပေးနိုင်စွမ်း ရှိပါတယ်။ အသက်ရလာချိန်မှာ အရေးကြီးဆုံးဖြစ်တဲ့ ဦးနှောက်ဆိုင်ရာ ကျန်းမာရေးအတွက်လည်း အခွံမာသီးတွေကို မဖြစ်မနေ စားပေးသင့်ပါတယ်။

(၄) ငါး

Photo : WebMD

ဆယ်လ်မွန်ငါး ၊ ဆာဒင်း ၊ အယ်လ်ဘာကိုရိုးတူနာ တို့လို ကျန်းမာတဲ့ အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေကို တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်လောက် စားပေးဖို့ လိုပါတယ်။ အကြောင်းက တော့ ငါးမှာ Omega-3 Fatty Acid ဓာတ် ကြွယ်ဝစွာပါဝင်ပြီး ၎င်းက ဦးနှောက် ကျန်းမာရေး နဲ့ အယ်လ်ဇိုင်းမားရောဂါ တို့လို မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အကယ်၍ ငါး မကြိုက်သူဖြစ်ပါက Omega-3 Fatty Acid ဓာတ်ရနိုင်တဲ့ ပင်လယ်ရေညှိ ၊ Flaxseed နဲ့ ချီယာစေ့ တွေကို စားသုံးပေးနိုင်ပါတယ်။

(၅) ပရိုတင်း

Photo : WebMD

လေ့လာမှုတွေအရ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာ တွေဟာ အသက်ကြီးလာတာနဲ့အမျှ ကြုံတွေ့ရတဲ့ သဘာဝအတိုင်း ကြွက်သားဆုံးရှုံးမှုကို တိုက်ထုတ်ကာကွယ်ပေး နိုင်ပါတယ်။ ကြွက်သားနဲ့ တစ်သျှူးတွေ တည်ဆောက်ရာမှာ ပရိုတင်းဓာတ်ဟာ မရှိမဖြစ် လိုအပ်သလို ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေ ကောင်းကောင်းလည်ပတ်ဖို့နဲ့ စွမ်းအင်ထုတ်လုပ်ဖို့အတွက် ပရိုတင်းဓာတ် အဓိကလိုအပ်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား ၊ ငါး ၊ ပင်လယ်စာ ၊ ပဲနဲ့ ဥအမျိုးမျိုး ၊ နို့ထွက်ပစ္စည်း အမျိုးမျိုးကို ထည့်သွင်းစားသုံးပေးဖို့ လိုပါတယ်။

(၆) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

Photo : WebMD

မျက်လုံးကျန်းမာစေဖို့အတွက် ဟင်းနုနွယ်ရွက် ၊ ကိုက်လန်နဲ့ ဂေါ်ဖီစိမ်း တို့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေး ဖို့လိုပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အတွင်းတိမ်နဲ့ မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း ကဲ့သို့ အမြင်အာရုံဆိုင်ရာ ရောဂါပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ် ရလာချိန်မှာ ဖြစ်ပေါ်နိုင်တဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်း ၊ စဉ်းစားတွေးခေါ်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်း နှေးကွေးခြင်း စတဲ့ပြဿနာတာတွေကိုလည်း ကင်းဝေးအောင် ကူညီပေးပါလိမ့်မယ်။

(၇) ဟင်းခတ်အမွှေးအကြိုင်

Photo : WebMD

ဟင်းခတ်အမွှေးအကြိုင်တွေဟာ အစားအစာ တွေရဲ့ ရနံအရသာကို ပိုပြီး ပြည့်စုံသွားစေရုံမကပဲ ကျန်းမာရေး အတွက်လည်း များစွာ အကျိုးရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေမှာ ပါဝင်တဲ့ Antioxidants တွေက အသက်အရွယ်ကြီးရင့်လာတဲ့အထိ ကျန်းမာနေစေဖို့ ကူညီပေးပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကြက်သွန်ဖြူဟာ သွေးကြောတွေကို ပွင့်စေပြီး သစ်ကြံပိုးခေါက်က ကိုလက်စထရောနဲ့ သွေးတွင်းအဆီတွေကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းဟာလည်း စိတ်ကျရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပြီး ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ အစွမ်းတွေလည်း ရှိပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ အစားအစာတွေကို တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် စားပေးဖို့ လိုအပ်ပါတယ်။

Featured Photo : Daily Express