လူတော်တော်များများက ကျန်းမာပြီး ပျော်ရွှင်ချင်ကြတဲ့သူတွေ ချည်းပဲ မဟုတ်ပါလား။ သို့သော်လည်း အကြောင်းအမျိုးမျိုးနဲ့ အခြေအနေအမျိုးမျိုးတို့ကြောင့် လူတိုင်း ကျန်းမာခြင်းနဲ့ ပျော်ရွှင်မှု နှစ်မျိုးစလုံးကို မပိုင်ဆိုင်နိုင်ကြပါဘူး။ ကျန်းမာ ပျော်ရွှင်ဖို့ အတွက် စိတ်ထားတတ်ဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာသာမက၊ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာနေဖို့လည်း လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ကျန်းမာပျော်ရွှင်မှု ရရှိစေဖို့ ကိုယ်တိုင် ပြုပြင်ပြောင်းလဲနိုင်တဲ့ အခရာကျတဲ့ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

အပျက်သဘောဆောင်သော အရာများကို အာရုံစိုက်မှု လျှော့ချပါ

ကျန်းမာ ပျော်ရွှင်ဖို့

Photo : Unplush

လူတော်တော်များများက ကိုယ်ကိုယ်တိုင်အတွက် သော်လည်းကောင်း၊ သူတစ်ပါးနဲ့ သက်ဆိုင်သော အရာများမှာ သော်လည်းကောင်း အပျက်သဘောဆောင်တဲ့အရာတွေကိုသာ အာရုံစိုက်မှု များပြားတတ်ပါတယ်။ ဒီအချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့ကျစေပြီး စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ (အထူးသဖြင့် တီဗွီ၊ သတင်းစာ၊ သို့မဟုတ် ဖုန်းပေါ်ရှိ အပျက်သဘောဆောင်သော အချက်အလက်) တို့ကို အာရုံစိုက်မှုများလွန်းနေရင်လည်း ကွီးတို့ရဲ့ စိတ်ကျန်းမာရေးကို အမှန်တကယ် ထိခိုက်စေပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို တွေးထင်နေမိတဲ့ အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေနဲ့ ပြင်ပမှလာတဲ့ အပျက်သ‌ဘော အချက်အလက်တွေကို တတ်နိုင်သလောက်လျှော့ချပါ။ အပြုသဘောဆောင်တဲ့ အတွေးအမြင်နဲ့ အကောင်းမြင်စိတ်ကို မြှင့်တင်ပါ။ ဒါဆိုရင် ကွီးတို့စိတ်ပိုင်းဆိုင်ရာမှာ တော်တော်နေလို့ကောင်းပြီး အထိုက်အလျောက် ပျော်ရွှင်လာတာကို တွေ့ရပါလိမ့်မယ်။

ကျန်းမာအောင်နေပါ

ကျန်းမာ ပျော်ရွှင်ဖို့

Photo : Tuft Health Plan

ကွီးတို့ရေ ကျန်းမာမှ ပျော်ရွှင်နိုင်မှာပါ။ ဒါကြောင့် ကျန်းမာဖို့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကျန်းမာအောင်နေထိုင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားသုံးတာ၊ တစ်ညမှာ အနည်းဆုံး ခြောက်နာရီကနေ ခုနစ်နာရီအထိ ကောင်းမွန်စွာ အိပ်စက်အနားယူတာ၊ နေ့စဉ်လေ့ကျင့်ခန်း လုပ်တာ၊ ရေများများသောက်တာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့အတွက် အလေ့အထကောင်းတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ များစွာ အထောက်အကူပြုတာ တွေ့ရမှာပါ။ ဒါကြောင့် အမြဲတမ်း ကျန်းမာရေးနဲ့အညီ ပြုမူနေထိုင်လှုပ်ရှားပါ။

စိတ်ဖိစီးမှုတွေကို လျော့ချပါ

Photo : Dr.Well

ကွီးတို့ရေ စိတ်ထောင်း ကိုယ်ကြေ ဆိုတဲ့ စကားကို အကုန်လုံးကြားဖူးကြမှာပါ။ ကျန်းမာ ပျော်ရွှင်ဖို့အတွက် စိတ်ကလည်း အရေးပါပါတယ်။ ယနေ့ခေတ်မှာ လူတော်တော်များများ ကြုံတွေ့နေရတာကတော့ စိတ်ဖိစီးမှု ပြဿနာပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ရတဲ့အခြေအနေနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး စိတ်ဖိစီးမှု ပြင်းထန်တာနဲ့ လျော့ပါးတာသာ ကွာခြားမှုရှိရင်ရှိမယ် စိတ်ဖိစီးမှုတွေကတော့ လူတိုင်းနီးပါးကြုံတွေ့ရပါတယ်။

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက ရေရှည်ဖြစ်လာပြီဆိုရင်တော့ ကွီးတို့ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါထိခိုက်မှုတွေ ရှိလာနိုင်ပြီး ကျန်းမာ ပျော်ရွှင်ဖို့ အတွက် အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ သီချင်းလေးများ နားထောင်ခြင်း၊ ကိုယ့်ဝါသနာပါရာ တစ်ခုခုကို ပြုလုပ်ခြင်း စတာလေးတွေ ပြုလုပ်ပေးပါ။

ချစ်ရသူတွေနဲ့ အချိန်ကုန်ဆုံးပါ

Photo : Groupon

ယနေ့ခေတ်မှာ လူတော်တော်များများက ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်ကုန်ဆုံးတာ များလာကြပြီး ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ထိတွေ့ဆက်ဆံမှု နည်းလာပါတယ်။ ဒီအချက်က ကြာလာရင် ကွီးတို့ ကျန်းမာရေးကို ထိခိုက်လာနိုင်စေသည်သာမက ပျော်ရွှင်မှုကို ပျောက်ဆုံးလာစေပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် Screen Time ကို လျှော့ချပြီး ချစ်ခင်ရသူတွေနဲ့အတူ အချိန်ကုန်ဆုံးပါ။ အတူတကွမုန့်လုပ်စားတာ၊ ရုပ်ရှင်တူတူကြည့်တာ၊ ခရီးအတူတူသွားတာ စတဲ့ လှုပ်ရှားမှုလေးတွေ ပြုလုပ်ပေးပါ။ ဒီလို ပြုလုပ်ခြင်းက ကွီးတို့ကိုယ်တိုင်အတွက်သာမက အခြားသူတွေကိုပါ ပျော်ရွှင်စေပြီး ကိုယ်ရော စိတ်ပါ ကျန်းမာလာစေတာ အမှန်ပါပဲ။

ကွီးတို့ရေ ဘဝမှာ ကျန်းမာ ပျော်ရွှင်ဖို့ အတွက် အခရာကျတဲ့ အချက်လေးတွေကို သိရှိပြီး လိုက်နာကျင့်သုံးဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Swim World

Featured Photo : Highland Springs