လူတိုင်းအတွက်တော့ ကျန်းမာ ခြင်းဟာ နံပါတ်တစ် အရေးကြီးဆုံးလို့ ပြောရမှာပါ။ ဘဝမှာ ကျန်းမာနေမှလည်း ကိုယ်လုပ်ချင်တဲ့ အရာတွေ ၊ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ငယ်တုန်းမှာ ကျန်းမာရေးကို ဂရုမပြုခဲ့ရင် အသက်လေး တဖြည်းဖြည်း ရလာတာနဲ့အမျှ ဆိုးကျိုးဒဏ်တွေကို ခံစားရမှာပါ။ ဒီလိုမဖြစ်ရအောင် ငယ်တုန်းကတည်းက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အကျင့်ကောင်းတွေကို လိုက်နာကျင့်သုံးသွားဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ အသက်ရလာချိန်မှာ ကျန်းမာသန်စွမ်း နေဖို့ လျှို့ဝှက်ချက် အချို့ကို မျှဝေပေးသွားချင်ပါတယ်။

(၁) နှလုံးကျန်းမာရေးနဲ့ သွေးပေါင်ချိန်ကို အမြဲဂရုစိုက်ပါ

Blood Pressure

Photo : Burlington Medical Center/Carolina Nuclear

အသက်ရ လာတာနဲ့အမျှ နှလုံးရောဂါနဲ့ သွေးတိုးရောဂါဟာ ဖြစ်နိုင်ခြေ အများဆုံးရှိတဲ့ ကျန်းမာရေး ပြဿနာတွေထဲကတစ်ခု ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေမှာ သက်လတ်ပိုင်းကို ကျော်လွန်လာတဲ့အမျှ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၇၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ကျန်းမာ ရေးကောင်းချင်ရင် နှလုံးကျန်းမာရေးကို အထူးဂရုစိုက်သင့်သလို နှလုံးနဲ့ဆက်စပ်ပြီး ဖြစ်ပွားတက်တဲ့ သွေးတိုးရောဂါနဲ့ ကိုလက်စထရော မြင့်တက်မှု အခြေအနေကိုလည်း အမြဲတစေစောင့်ကြည့် ဂရုပြုနေထိုင်ဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ နှလုံးကျန်းမာရေးနဲ့ သင့်လျော်တဲ့ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာ ၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်တာ ၊ ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင် စားသုံးတာ စတဲ့ အလေ့အကျင့်တွေကို လိုက်နာဖို့ လိုပါမယ်။

(၂) ဦးနှောက်ကို လေ့ကျင့်ပေးပါ

Brain

Photo : The Well by Northwell – Northwell Health

အသက်ကြီးလာရင် ဟိုဟာလေးမေ့ ဒါလေးမေ့နဲ့ စဖြစ်လာတက်ပါတယ်။ ဒါဟာ အသက်အရွယ်အရ ဦးနှောက်နဲ့ အာရုံကြောတွေ အားနည်းလာတာဖြစ်ပြီး မှတ်ဉာဏ်စွမ်းအား လျော့ကျမှု အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဒီကနေတဆင့် စိတ်ကျရောဂါကိုလည်း ဆက်စပ်ဖြစ်ပွားနိုင်တယ်ဆိုတာကို သိထားရပါမယ်။ ဒါကြောင့် ဦးနှောက်နဲ့ စိတ်ကို Sharp ဖြစ်နေစေဖို့ ငယ်တုန်းကလည်း များများ လေ့ကျင့်ပေးသင့်ပြီး Mental Exercises တွေ လုပ်ဆောင်တာ ၊ Social Activities တွေမှာ ပါဝင်တာ ၊ ချစ်ရသူတွေနဲ့ အချိန်များများ ကုန်ဆုံးတာ စတဲ့ ဦးနှောက်ကို ထက်မြက်စေမယ့် လှုပ်ရှားမှုလေးတွေကို လုပ်ဆောင်ပေးဖို့ အကြံပြုချင်ပါတယ်။

(၃) ကောင်းမွန်တဲ့ အိပ်စက်မှုပုံစံကို ထိန်းသိမ်းပါ

Sleep

Photo : HercLéon

အိပ်စက်မှုပုံစံဟာ လူတစ်ယောက်ရဲ့ အလုံးစုံ ကျန်းမာ ရေးနဲ့ အများကြီး ဆက်နွယ်မှု ရှိပါတယ်။ အိပ်ရေးပျက်တာ ၊ အိပ်ချိန်မပြည့်ဝတာ ၊ ကောင်းမွန်တဲ့ အိပ်စက်မှု အရည်အသွေး မရှိတာ စတဲ့ အခြေအနေတွေဟာ ခန္ဓာကိုယ်ဇီဝ ဖြစ်ပျက်မှုနဲ့ ဟော်မုန်းဆိုင်ရာ အပြောင်းအလဲတွေကို ဖြစ်စေပြီး တဆက်တည်းမှာပင် ပုံမှန်မဟုတ်တဲ့ ကိုယ်အလေးချိန် တိုးလာတာ/ လျော့ကျတာ ၊ အချိန်တိုင်း အားအင်ကုန်ခမ်း မောပန်းနွမ်းနယ်နေတာ ၊ တက်ကြွလန်းဆန်းမှု ပျောက်ဆုံးပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအပေါ် ကောင်းစွာအာရုံမစိုက်နိုင်တာ စတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင်မလို့ အိပ်စက်မှုပုံစံကောင်းရှိဖို့ အရေးကြီးသလို တစ်ရက်ကို ပုံမှန် ၇ နာရီကနေ ၈ နာရီကြား လုံလောက်စွာ အိပ်စက်ဖို့ လိုအပ်ပါတယ်။

(၄) ကျားဟော်မုန်း ညီမျှအောင် ထိန်းညှိပါ

Testosterone

Photo : The Menopause Center

အမျိုးသားတစ်ယောက်ရဲ့ ကျန်းမာရေးလို့ ပြောလိုက်တာနဲ့ တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ကျားဟော်မုန်း ညီမျှမှု ရှိမရှိဆိုတဲ့ အခြေအနေဟာလည်း သေချာပေါက် ဂရုစိုက်ဖို့ လိုပါတယ်။ အမျိုးသားတွေမှာ အသက်အရွယ်အရ ကျားဟော်မုန်း ထုတ်လုပ်မှုဟာ လျော့နည်းလာတက်ပြီး တက်စတိုစတီရုန်း (Testosterone) ကျဆင်းပါက ပင်ပန်းနွမ်းနယ်တာ ၊ Libido လျော့ကျတာအပြင် အခြား စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများစွာနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

မဖြစ်မနေ ကုသဖို့ လိုအပ်တဲ့ တက်စတိုစတီရုန်း (Testosterone) လျော့နည်းတဲ့ ပြဿနာကတော့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတစ်ခုဖြစ်ပြီး ဒီအခြေအနေဟာ ဆေးဘက်ဆိုင်ရာ ကုသမှုကောင်းကောင်း ခံယူရမှာ ဖြစ်ပါတယ်။ ပုံမှန် အသက်အရွယ်အရ တက်စတိုစတီရုန်း (Testosterone) ထုတ်လုပ်မှု လျော့နည်းတဲ့ ပြဿနာကိုတော့ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို လိုက်နာ မွေးမြူခြင်းဖြင့် ကုစားလို့ ရနိုင်ပါတယ်။

(၅) ဆီးကျိတ်ပြဿနာကို အမြဲစောင့်ကြည့်စစ်ဆေးပါ

Prostate Problems

Photo : MedicalNewsToday

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး အခြေအနေတွေထဲက တစ်ခုကတော့ ဆီးကျိတ်နဲ့ဆိုင်ရာ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဆီးကျိတ်ကြီးတာ ၊ ဆီးကျိတ်ကင်ဆာအပါအဝင် ဆီးပိုးဝင်ခြင်း ဒါမှမဟုတ် ဆီးကျိတ်ရောင်ခြင်း စတဲ့ ရောဂါအခြေအနေတွေ အများကြီးကို သတိပြုရမှာ ဖြစ်ပါတယ်။ ဆီးကျိတ်ပြဿနာဟာ သက်ကြီးပိုင်းရောက်ချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေး အခြေအနေတစ်ခုလို့ ဆိုပေမယ့်လည်း လူငယ်နဲ့ လူလတ်ပိုင်းတွေမှာလည်း ရံဖန်ရံခါ ဖြစ်ပွားတက်တာမလို့ ငယ်ရွယ်ချိန်ကတည်းက အမြဲတစေ စောင့်ကြည့်စစ်ဆေးရမယ့် ကျန်းမာရေး အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။

Source : Cleveland Clinic Health Essentials

Featured Photo : UnitedHealthcare