ကျန်းမာတဲ့ လိင်မှုဘဝဟာ အမျိုးသားတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ပါတယ်။ အမျိုးသားတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေဖို့ နည်းလမ်းအမျိုးမျိုး ရှာဖွေအသုံး ပြုလာကြပေမယ့် အန္တရာယ်ကင်းပြီး သဘာဝအတိုင်း လိင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်တာကတော့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဘယ်အစားအစာတွေက အမျိုးသားတို့ကို သက်လုံတိုးပွား ကျား ခွန်းအားများစေပြီး လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေမလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
(၁) ဆယ်လ်မွန်
Photo : Life, Love, and Good Food
ဆယ်လ်မွန်ငါး နဲ့ ဆာဒင်း ၊ တူနာ တို့လို ပင်လယ်ငါးတွေမှာ omega-3 fatty acids ဓာတ်များ ပေါပေါများများ ပါဝင်ပါတယ်။ ပရိုတင်းဓာတ်၊ သံဓာတ်၊ ဇင့်၊ ဗီတာမင် B12 နဲ့ ဗီတာမင် D ဓာတ်တို့ကိုလည်း ၎င်းအစာအစာတွေကနေ ရနိုင်ပါတယ်။ ပင်လယ်ငါးတွေဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုနဲ့ နှလုံးကျန်းမာရေးကို ကောင်းစေတဲ့အပြင် ကျား ဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတာကြောင့် လိင်မှုစွမ်းရည်ပိုင်းမှာ အားရကျေနပ်စရာ ဖြစ်စေမှာပါ။
(၂) ကမာ
Photo : Feast and Merriment
ကမာဟာ လိင်မှုစွမ်းရည်မြှင့်တင်ပေးတဲ့ အစားအစာတစ်ခုအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက နာမည်ကျော်ပါတယ်။ အဓိကအားဖြင့် ကမာမှာ ဇင့်ဓာတ်အမြောက်အများ ပါဝင်တာကြောင့်ပါ။ ဇင့်ဓာတ်က လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပြီး တက်စတိုစတီရုန်း ပမာဏကို တိုးမြှင့်ပေးပါတယ်။ အကယ်၍ သင်က ကမာမကြိုက်ဘူးဆိုရင် ဇင့်ဓာတ်ပါဝင်မှုများတဲ့ ပုဇွန်၊ ဂဏန်းနဲ့ အနီရောင်အသားတွေ စားပေးနိုင်ပါတယ်။
(၃) အခွံမာသီး
Photo : World Atlas
သစ်ကြားသီး၊ ဗာဒံစေ့နဲ့ သီဟိုဠ်စေ့တွေလို အခွံမာသီးတွေမှာ ဇင့်နဲ့ မိုင်နိုအက်ဆစ်ဓာတ်တွေ မြင့်မားစွာ ပါဝင်တာတွေ့ရပါတယ်။ အထူးသဖြင့် သစ်ကြားသီးတွေဟာ ကျန်းမာရေးအကျိုးပြုဓာတ် တစ်မျိုးဖြစ်တဲ့ omega-3 fatty acids အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ သစ်ကြားသီးဟာ အမျိုးသားတို့ရဲ့ သုတ်ပိုး အရည်အသွေးကို ကောင်းမွန်စေပြီး မျိုးပွားနိုင်စွမ်း မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာမှုတွေက အတည်ပြုထားပါတယ်။ သစ်ကြားသီးအပါအဝင် အခွံမာသီးနဲ့ အစေ့အဆန်တွေ စားပေးမယ်ဆိုရင် ကျားခွန်းအားတိုးပွားပြီး လိင်မှုစွမ်းရည်ကို မြင့်တက်စေမှာပဲ ဖြစ်ပါတယ်။
(၄) အသား
Photo : Safefood
အမဲသား၊ ကြက်သားနဲ့ ဝက်သား တို့လို ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားတွေက ကျား ခွန်အားတိုးစေပြီး လိင်မှုစွမ်းရည်တိုးတက်စေတဲ့ အဓိကအစားအစာတွေ ဖြစ်ပါတယ်။ အသားတွေမှာ မိုင်နိုအက်ဆစ်နဲ့ ဇင့်ဓာတ်တို့လို သွေးစီးဆင်းမှု ပိုကောင်းစေတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ မိုင်နိုအက်ဆစ်က အမျိုးသားတွေမှာ အဖြစ်များတဲ့ ပန်းသေပန်းညိုးခြင်း ၊ လိင်အင်္ဂါကောင်းစွာ မထောင်မတ်နိုင်ခြင်း စတဲ့ပြဿနာတွေကို ကုသပေးနိုင်ပြီး လိင်မှုစွမ်းဆောင်ရည်ကို တိုးတက်စေနိုင်မှာပဲ ဖြစ်ပါတယ်။
Source : Healthline
Featured Photo : Times of India