ပရိုတင်းရတဲ့ အစားအစာတွေလို့ ပြောရင် ကြက်ဥတွေကတော့ မပါမဖြစ်ပါပဲ။ ကြက်ဥတွေက ဘတ်ဂျတ်အရ သက်သာသလို အလွယ်တကူ ချက်ပြုတ်စားသောက်လို့လည်း ရတဲ့အပြင် ပရိုတင်း Source ကောင်းကောင်းရတဲ့ အစားအစာတစ်ခု ဖြစ်တာကြောင့် Gym သမားတွေ ၊ ဝိတ်ချ / ဝိတ်တင်သူတွေ ၊ ကျန်းမာရေးနဲ့အညီ စားသောက်သူတွေကြားမှာ ရေပန်းစားပါတယ်။ ကြက်ဥတွေမှာ ပရိုတင်းအပြင် ဗီတာမင် B အုပ်စုဖြစ်တဲ့ (B5၊ B12နဲ့ B2) ၊ ဆယ်လီနီယမ် ၊ ကယ်လ်စီယမ် ၊ ဇင့်နဲ့ ဗီတာမင် A တို့လည်း ပါဝင်ပါတယ်။
ကြက်ဥတစ်လုံးမှာ ပရိုတင်းဓာတ် ဘယ်လောက်ပမဏ ပါရှိလဲ ?
Photo : Healthline
ကြက်ဥတွေက ပရိုတင်းရတာ မှန်ပေမယ့် ကြက်ဥတစ်လုံးမှာ ပရိုတင်းဓာတ် ဘယ်လောက်ပမာဏ ပါရှိလဲဆိုတာကတော့ လူတိုင်းမသိကြပါဘူး။ တကယ်တော့ ကြက်ဥအရွယ်အစား အကြီးအသေးအပေါ် မူတည်ပြီး ကြက်ဥတစ်လုံးမှာ ပါဝင်တဲ့ ပရိုတင်းပမာဏဟာ ကွဲပြားနိုင်ပြီး ယေဘုယျအားဖြင့် ကြက်ဥတစ်လုံးမှာ ပရိုတင်း ၅.၂ ဂရမ်ကနေ ၇.၅ ဂရမ်ကြား ပါရှိပါတယ်။
- ၇၈ ဂရမ်ခန့်ရှိတဲ့ အကြီးဆုံး ကြက်ဥတစ်လုံးမှာ ပရိုတင်းပမာဏ ၈.၇ ဂရမ် ပါဝင်ပါတယ်။
- ၆၈ ဂရမ်ခန့်ရှိတဲ့ ဆိုဒ်ကြီး ကြက်ဥတစ်လုံးမှာ ပရိုတင်းပမာဏ ၇.၅ ဂရမ် ပါဝင်ပါတယ်။
- ၅၈ ဂရမ်ခန့်ရှိတဲ့ အလတ်စား ကြက်ဥတစ်လုံးမှာ ပရိုတင်းပမာဏ ၆.၄ ဂရမ် ပါဝင်ပါတယ်။
- ၄၈ ဂရမ်ခန့်ရှိတဲ့ အသေးစား ကြက်ဥတစ်လုံးမှာ ပရိုတင်းပမာဏ ၅.၂ ဂရမ် ပါဝင်ပါတယ်။
နောက်ထပ် မေးစရာရှိတာကတော့ ကြက်ဥအကာနဲ့ အနှစ်မှာ ဘယ်အပိုင်းက ပရိုတင်းဓာတ်ပိုရစေတာလဲ ဆိုတာပါ။ ကြက်ဥကို အကာပဲစားတာကောင်းတာ ၊ အနှစ်ပါစားတာကောင်းတယ် စသည်ဖြင့် ငြင်းခုံမှုတွေက ယနေ့ထိတိုင် ရှိနေဆဲပါ။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေ အရ ကြက်ဥ တစ်ခုလုံးဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အကောင်းဆုံး အစားအစာ ဖြစ်သလို နှလုံး သွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ ကိုလည်း မတိုးစေဘူးလို့ ဆိုထားပါတယ်။ ဆိုလိုတာကတော့ ကြက်ဥစားမယ်ဆိုရင် အနှစ်/အကာ နှစ်ခုလုံးကို စိတ်ချလက်ချ စားနိုင်ပါတယ်။
Photo : Eat This Not That
ပရိုတင်းဓာတ်ကတော့ ကြက်ဥအကာနဲ့ အနှစ်နှစ်မျိုးလုံးမှာ ရနိုင်ပြီး အနှစ်ဟာ အကာထက် ပရိုတင်းဓာတ်ပါဝင်မှု ပိုများပါတယ်။ ဒါပေမယ့် ကြက်ဥတစ်လုံးမှာ အကာရဲ့ ပါဝင်မှုက အနှစ်ထက်ပိုများတာကြောင့် ကြက်ဥအကာကနေလည်း ပရိုတင်းဓာတ်ကို များများရနိုင်ပါတယ်။ ကြက်ဥတစ်လုံးမှာ ယေဘုယျအားဖြင့် အကာခြမ်းမှာ ပရိုတင်းဓာတ်၄ ဂရမ်ခန့် ပါဝင်ပြီး အနှစ်မှာတော့ ပရိုတင်းဓာတ် ၂.၇ ဂရမ် ပါဝင်ပါတယ်။
Reference Nutrient Intake (RNI) ကို အခြေခံပြီး တွက်ချက်ထားမှုအရ အရွယ်ရောက်ပြီးသူတိုင်း ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ပရိုတင်း ၀.၇၅ ဂရမ် စားသုံးပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ်ရှိတဲ့သူတစ်ယောက်ဆိုရင် တစ်နေ့လျှင် ပရိုတင်း ၅၂.၅ ဂရမ်ခန့် စားပေးရမှာ ဖြစ်ပါတယ်။
Source : Men’s Health
Featured Photo : Chowhound