မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်က အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

Marcus Rashford

Photo: Gettyimages

ဂျာမန်လူမျိုးနည်းပြက ကစားသမားအနေနဲ့ ၎င်းရဲ့ အနာဂတ်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက် ပြန်လည်ဖွင့်လှစ်တဲ့အချိန်မှသာ ဆုံးဖြတ်ချက် ချနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ်က မန်ချက်စတာဒါဘီမှာ မြို့ခံပြီုင်ဘက်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းမှာ မပျော်မရွှင်ဖြစ်နေခဲ့တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ရန်းနစ်ခ်က အဲဒီ ဇာတ်လမ်းတွေကို ငြင်းပယ်သွားခဲ့ပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တဲ့ စကားအရဆိုရင် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သိပ်အာရုံမလာဘူးဆိုတာကို အရိပ်အမြွက်ပြသလိုက်တာဖြစ်ပါတယ်။ “ကျွန်တော် မနေ့က သူနဲ့စကားပြောခဲ့တယ်။ တစ်မြန်နေ့ကလည်း စကားပြောခဲ့တယ်။ အဲဒီတော့ ကျွန်တော် သူ အသင်းကနေ ထွက်ချင်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘာမှ မသိပါဘူး။ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၂၅ နှစ်အတွင်းမှာ ကျွန်တော် မီဒီယာတွေမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို သိပ်အများကြီး သတိမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်”

Man United interim Ralf Rangnick

Photo: Manchestereveningnews

“သူ ကျွန်တော့်ကို ဘာမှမပြောပါဘူး။ ကျွန်တော့်ကို ပြောတာဆိုလို့ သူ ပျော်ရွှင်နေသေးပြီး အသင်းအတွက် မြင့်မားတဲ့အဆင့်အတန်းမှာ စွမ်းဆောင်ပြချင်တယ်ဆိုတာပဲ ရှိပါတယ်။ သူ ဒီမှာ မပျော်မရွှင်ဖြစ်နေတယ်ဆိုတာနဲ့ပတ်သက်ပြီး ဘာမှ ပြောခဲ့တာမရှိပါဘူး။ ဒါပေမယ့် ထပ်ပြောရရင် အပြောင်းအရွှေ့စျေးကွက်က အခုအချိန်မှာ ပိတ်သွားခဲ့ပါပြီ။ သူနဲ့ သူ့အေးဂျင့် ဒါမှမဟုတ် သူ့မိသားစုက တခြားအသင်းကို ပြောင်းရွှေ့ဖို့ကိစ္စနဲ့ပတ်သက်ပြီး နွေရာသီအပြောင်းအရွှေ့ အချိန်တစ်ခုမှာ လုပ်ချင်တယ်ဆိုရင်တောင်မှ သူ နွေရာသီမှ လုပ်နိုင်မှာပါ။ အခုတော့ အပြောင်းအရွှေ့စျေးကွက်က ပိတ်နေပြီဖြစ်ပြီး မနက်ဖြန်ပွဲ ဒါမှမဟုတ် အင်္ဂါနေ့ပွဲ ကစားဖို့ကလွဲရင် ဘာမှ လုပ်လို့မရပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Photo: Sportskeeda