လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပရီးမီးယားလိဂ်ရဲ့ အကြီးကျယ်ဆုံး North West Derby ပွဲစဉ်ကြီးကတော့ လာမယ့် တနင်္ဂနွေညမှာ ယှဉ်ပြိုင်ကစားသွားတော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေတဲ့ ချန်ပီယံ ကြိုးကြာ တို့က ဒီရာသီအစကို ဖရိုဖရဲပုံစံနဲ့ စတင်ထားပြီး နောက်ကျသွင်းဂိုးတွေနဲ့သာ နိုင်ပွဲတွေ ဖော်ဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo : TNT Sports
ပရီးမီးယားလိဂ် ပွဲပေါင်း ၇ ပွဲ ကစားအပြီးမှာ ၅ ပွဲနိုင် ၂ ပွဲ ရှုံးရလဒ်ကို ထွက်ပေါ်ထားပြီး လီဗာပူး အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေကလည်း အားရစရာကောင်းတဲ့ ခြေစွမ်းကို မမြင်ထားရပါဘူး။ ခံစစ်ပိုင်း အားနည်းချက်တွေနဲ့ ပရီးမီးယားလိဂ် ပေးဂိုး ၉ ဂိုးအထိ ခွင့်ပြုထားရတဲ့အပြင် ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက်ကို ရှုံးနိမ့်ထားတဲ့ လီဗာပူးအသင်းအတွက် လက်ရှိအနေအထားက ဖိအားများနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
တစ်ဖက်က သရဲနီတို့ကတော့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၃ ပွဲနိုင် ၃ ပွဲရှုံး ၁ ပွဲ သရေရလဒ် ထွက်ပေါ်ထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ အသင်းရဲ့ ဖွဲ့စည်းပုံအရ ယူနိုက်တက်ထက် လီဗာပူးအသင်းက အားသာချက်တွေ များနေပြီး ဒီပွဲဟာ အိမ်ကွင်းအန်ဖီးလ်မှာ လက်ခံကစားရမှာ ဖြစ်သလို ရှေ့က ပွဲဆက်အရှုံးကို ပြောင်းပြန်လှန်ပစ်ဖို့အတွက် ခံစစ်လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်လာဖို့ရှိတာကြောင့် သရဲနီတို့အတွက် စိန်ခေါ်မှုများတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
လီဗာပူးအသင်းက ၂၀၂၂ ခုနှစ် နောက်ပိုင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၄ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး အိမ်ကွင်းရလဒ်ကောင်းကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ကြိုးကြာနဲ့သရဲနီတို့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၃ ပွဲရလဒ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း လီဗာပူးက ၂ ပွဲနိုင် ၁ ပွဲ သရေရလဒ် ထွက်ပေါ်ထားပြီး ယူနိုက်တက်ကို အိမ်ကွင်းမှာ ကောင်းကောင်း ဖိအားပေး ကစားထားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။
Photo : Sky Sports
ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် အခုလာမယ့် တနင်္ဂနွေညမှာ ယှဉ်ပြိုင်ကစားမယ့် စိန်ခေါ်မှုအပြင်းထန်ဆုံး North West Derby ပွဲစဉ်ကြီးမှာရော အိမ်ရှင် ကြိုးကြာ တို့ကပဲ အကောင်းဆုံး ပြန်လည်ပြင်ဆင်မှုတွေနဲ့ ရှုံးပွဲဆက်ရလဒ်ကို ပြောင်းပြန်လှန်ပစ်နိုင်မလား ဒါမှမဟုတ် သရဲနီတို့ကပဲ လီဗာပူးနဲ့ ရင်ဆိုင်ရတိုင်းမှာ ဝေးကွာနေတဲ့ အဝေးကွင်း အနိုင်ရလဒ်ကို ပြန်လည်ဖော်ဆောင်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကွီးပရိသတ်တွေရော ဒီပွဲမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ ကွန်းမန့်မှာ ခန့်မှန်းပေးခဲ့ပါဦး။
Featured Photo : Goal.com