အောင်မြင်ဖို့အတွက် ကြိုးစားခြင်း နှင့် ပါရမီပါခြင်း မှာ ဘယ်အရာက ပိုအခရာကျသလဲဆိုတာ ကွီးတို့ သိပါသလား။
ပါရမီပါခြင်းကတော့ သဘာဝက မွေးရာပါအရာတစ်ခုဖြစ်ပြီး ကြိုးစားခြင်းကတော့ ကိုယ်တိုင် လုပ်ယူမှရတာဖြစ်ပါတယ်။ နှစ်ခုစလုံးမှာ ဘယ်အရာက ပိုပြီး အရေးကြီးသလဲဆိုရင်တော့ နှစ်ခုစလုံးက အရေးကြီးတယ်လို့ ဖြေရမှာပါပဲ။ သူတို့နှစ်ခုစလုံးမှာ သူ့ ကောင်းကွက်နဲ့သူ ကိုယ်စီရှိပါတယ်။ ပါရမီတစ်ခုတည်း ရှိနေပြီး ကြိုးစားမှု မရှိရင်လည်း မရပါဘူး။ ကြိုးစားမှု ရှိနေရဲ့သားနဲ့ ကိုယ့်စီမှာ ပါရမီ မပါရင်လည်း မရပြန်ပါဘူး။
တကယ်တော့ ပါရမီဆိုတာ စကားလုံးကသာ ကြီးကျယ်နေတာ တကယ်တော့ ရိုးရှင်းပါတယ်။ ကွီးတို့ ထူးခြားတဲ့အရာ၊ ကွီးတို့ ဝါသနာပါတဲ့အရာပဲဖြစ်ပါတယ်။ ကိုယ်က နယ်ပယ်တစ်ခုမှာ ထူးချွန်နေရင် ကိုယ်က ထိုနယ်ပယ်မှာ ပါရမီ ပါနေလို့ပါပဲ။ ထိုနယ်ပယ်သည်လည်း ကိုယ် စိတ်ဝင်စားတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ် စိတ်မဝင်စားတဲ့ အရာတစ်ခုမှ ဘယ်လိုမှ ထူးချွန်နိုင်မှာ မဟုတ်ပါဘူး။
ပါရမီပါအောင် ဘယ်လိုလုပ်ယူနိုင်မလဲ
ပါရမီပါအောင် အတင်းကာရော လုပ်ယူနေစရာမလိုပါဘူး။ ကွီးတို့ စိတ်ဝင်စားတဲ့အရာက ဘာလဲ။ ကွီးတို့ ဝါသနာပါတဲ့အရာက ဘာလဲဆိုတာသာ အရင်ဦးဆုံး စဥ်းစားလိုက်ပါ။ ကျွန်တော်တို့တွေသည် ကိုယ် စိတ်ဝင်စားတဲ့အရာဆို အတင်းကာရော လုပ်ယူနေစရာမလိုဘဲ ထမင်းမေ့ ဟင်းမေ့လောက်အောင်ကို အာရုံစိုက်တတ်ကြပါတယ်။ ထိုကဲ့သို့ တစ်ခုတည်းကို ဇောက်ချပြီး အာရုံစိုက်လိုက်တဲ့အခါ တစ်ဖက်ဖက်မှာ ထူးချွန်သွားတာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့လည်း အလိုလို ပါရမီပါပြီးသွား ဖြစ်သွားပါတယ်။
ကြိုးစားမှုလည်း ထပ်ပေါင်းထည့်ပါ
ပါရမီတစ်ခုတည်း ရှိနေရုံနဲ့ လုံလ၊ အားစိုက်ထုတ်မှု မရှိ၊ ကြိုးစားမှု မရှိရင်တော့ ဘယ်လိုမှ အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ကြိုးစားခြင်း နှင့် ပါရမီပါခြင်း တို့ကို အတူတူ ရောပေါင်းလိုက်မှသာလျှင် အောင်မြင်ခြင်းဆိုတဲ့ ဟင်းကောင်းတစ်ခွက်ကို ရရှိပိုင်ဆိုင်နိုင်မှာပါ။ ဆားမပါတဲ့ ဟင်းတစ်ခွက်က အရသာမရှိသလိုပဲ ကြိုးစားမှု မရှိဘဲ အောင်မြင်လာတဲ့ အောင်မြင်ခြင်းသည်လည်း ရေရှည်မှာ ကြာရှည်ခံမှာမဟုတ်ပါဘူး။
ပျင်းရိနေလို့ကတော့ ဘာမှ ဖြစ်မလာပါ
အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ အေးဆေးပေါ့။ နောက်နေ့မှ လုပ်လိုက်ပါမယ်လေ။ ဒီနေ့တော့ နေမကောင်းသေးလို့ ခဏ နားလိုက်ဦးမယ်။ နောက်နေ့မှ လုပ်ပါမယ်လေ ဆိုပြီး ဆင်ခြေမျိုးစုံ ပေးနေမယ်ဆိုရင်တော့ အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ အောင်မြင်ချင်စိတ် ရှိပြီး ပျင်းရိလေးပင်နေမယ်ဆိုရင်တော့ ဘာမှဖြစ်မလာပါဘူး။ ဒါ့ကြောင့် ကြိုးစားချိန်မှာ ကြိုးစား၊ အလုပ်လုပ်ချိန်မှာ အလုပ်လုပ်၊ နားချိန်မှာ သေချာနား၊ ကိုယ့်ရဲ့ Time Management ကို သေချာ စီမံ ခန့်ခွဲထားရပါမယ်။ ဒီလိုမျိုး သေချာ စီမံ ခန့်ခွဲထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ မဝေးတော့တဲ့ အနာဂတ်မှာ အောင်မြင်မှု အသီးအပွင့်ကို ခံစားရမှာပဲဖြစ်ပါတယ်။
အမှားတွေ လုပ်မိလည်း အေးဆေးပါ
လူတိုင်းသည် အမှားနဲ့ မကင်းပါဘူး။ အမှား လုပ်မိမှာကို ကြောက်နေမယ်ဆိုရင် အောင်မြင်မှုကိုလည်း ခံစားသိရှိနိုင်မှာ မဟုတ်ပါဘူး။ အမှားထဲကနေ သင်ခန်းစာယူရင် နောက်ထပ် တူညီတဲ့ အမှားမျိုးကို ရှောင်ကြဥ်နိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာ ကောင်းတွေ ရရှိမှသာလျှင် အောင်မြင်မှု လှေကားထစ်များအဖြစ် အသုံးချနိုင်ပြီး ကွီးတို့ရဲ့ ဘဝအတွက် အထောက်အပံ့ဖြစ်မှာပဲ ဖြစ်ပါတယ်။
ကွီးတို့ဆီမှာရော ကြိုးစားခြင်း နှင့် ပါရမီပါခြင်း တို့မှာ ဘယ်အရာက ပိုပြီး အလေးသာနေပါသလဲ။
Source: Unclenathan
Featured Image: Freepik