ကြီးပွားချမ်းသာတာကို လူတိုင်းလိုချင်ကြပါတယ်။ သို့သော်လည်း လူတိုင်းတော့ ကြီးပွားချမ်းသာခြင်း မရှိကြပါဘူး။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ၊ အမူအကျင့်တွေ၊ ကြိုးစားအားထုတ်မှုတွေပေါ် မူတည်ပြီး ကိုယ်ရရှိတဲ့ ချမ်းသာကြွယ်ဝမှု ကလည်း ကွာဟသွားပါတယ်။ ဒါ့အပြင် အပြောလွယ်သလောက်လည်း လက်တွေ့မှာတော့ ခက်ခဲနိုင်ပါတယ်။ သို့သော်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ တစ်ချိန်မှာ ကြီးပွားချမ်းသာဖို့ သံန္နိဌာန် ချထားပြီး ကြိုးစားနေတဲ့ ညီအစ်ကိုတို့အတွက် အထောက်အကူပြုစေမယ့် အချက်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ငွေကြေးနဲ့ ပတ်သတ်ပြီး အလေ့အကျင့်ကောင်းများ ပျိုးထောင်ပါ
Photo : FCU Blog
ညီအစ်ကိုတို့အနေနဲ့ ကြီးပွားချမ်းသာချင်တယ်ဆိုရင် ငွေကြေးနဲ့ပတ်သတ်ပြီး စည်းကမ်းတွေနဲ့ အလေ့အအကျင့်ကောင်းတွေကို ပျိုးထောင်ထားသင့်ပါတယ်။ အရင်ဆုံး ကွီးတို့ အနေနဲ့ ငွေကြေးစုဆောင်းမှုကို စတင်ပါ။ ညီအစ်ကိုတို့အနေနဲ့ တစ်လျှောက်လုံး ငွေကြေးတွေကို မစုဆောင်းခဲ့ဘူးဆိုရင်တောင် အခုကစပြီး စုဆောင်းပါ။ လစဉ်ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကိုဖြစ်စေ၊ ပမာဏ တစ်ခုကိုဖြစ်စေစုပါ။ ပြီးမှသာ ကျန်ငွေထဲက သုံးစွဲပါ။ လစဉ်ဝင်ငွေကို အရင်စုဖို့မဖယ်ပဲ ပိုလျှံမှစုမယ်ဆိုတာမျိုး မလုပ်မိဖို့ သတိပြုပါ။
နောက်တစ်ချက်ကတော့ မလိုအပ်ပဲ ငွေကြေးသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ ကိုယ့်အတွက် တကယ်လိုအပ်တဲ့နေရာမှသာ ငွေကြေးသုံးစွဲပါ။ ပစ္စည်းတစ်ခုခု သို့မဟုတ် အသုံးအဆောင် တစ်ခုခုကို ဝယ်တော့မယ်ဆိုရင် တစ်ကယ်လိုအပ်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးဖို့ မမေ့ပါနဲ့။ ဒါ့အပြင် ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အကြွေးယူခြင်းတွေကိုလည်း အတတ်နိုင်ဆုံး မပြုလုပ်မိအောင် ရှောင်ရပါမယ်။ ဒီအချက်တွေက ကြီးပွားချမ်းသာချင်သူများအတွက် ငွေကြေးနဲ့ပတ်သတ်ပြီး ထားရှိရမယ့် အခြေခံ အချက်တွေပဲ ဖြစ်ပါတယ်။
ငွေကြေးနဲ့ ပတ်သတ်ပြီး ပန်းတိုင်များ ထားရှိပါ
Photo : YouTube
ကြီးပွားချမ်းသာဖို့ သံန္နိဌာန် ချထားသူများအတွက် နောက်ထပ် အထောက်အကူပြုမယ့် အချက်တစ်ချက်ကတော့ ငွေကြေးနဲ့ ပတ်သတ်တဲ့ ပန်းတိုင်များ ထားရှိခြင်းပါပဲ။ ငွေကြေးနဲ့သက်ဆိုင်သော ပန်းတိုင်လို့ ဆိုရာတွင် ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူဆိုပါက ဒီလထက် နောက်လဝင်ငွေပမာဏ ပိုများအောင်ကြိုးစားခြင်း၊ လစာဝင်ငွေ ပုံသေရတဲ့ လုပ်ငန်းခွင်ကသူများကတော့ ကိုယ်ပိုင် Budget ထက်ကျော်လွန်မသုံးစွဲမိခြင်း၊ လစဉ်ပိုငွေ သို့မဟုတ် စုငွေ ပိုများအောင် သတိထားပြုမူနေထိုင်ခြင်း စသည်တို့ ပဲဖြစ်ပါတယ်။
ဘယ်အချိန်အတိုင်းအတာတွင် ငွေကြေးပမာဏ ဘလောက်စုမိရမယ် စတဲ့ပန်းတိုင်မျိုးလည်း ထားရှိပါ။ ဥပမာအားဖြင့် နောက် ၅ နှစ်၊ နောက် ၁၀ နှစ် စသည့်ဖြင့် အချိန်တစ်ခု သတ်မှတ်ပြီး ထိုအချိန်မှာတော့ဖြင့် ဘယ်လောက်အတိုင်းအတာထိ ချမ်းသာရမယ်ဆိုတဲ့ ပန်းတိုင်ကို ထားရှိဖို့ကို ဆိုလိုပါတယ်။
ဒါ့အပြင် ငွေကြေးအတိုင်းအတာ ဘယ်လောက်မှာ ရင်းနှီးမြှပ်နှံမှု စတင်မယ်၊ ကိုယ်ပိုင်လုပ်ငန်းကို စတင်မယ်စတဲ့ ကိုယ်လျှောက်လှမ်းချင်တဲ့ လမ်းအလိုက်လည်း ပန်းတိုင်များ ချမှတ်နိုင်ပါတယ်။ ပန်းတိုင်တစ်ခုချင်းစီမှသည် ကိုယ်လိုချင်တဲ့ နောက်ဆုံးပန်းတိုင်အထိ ဖြည်းဖြည်းချင်း လျှောက်လမ်းသွားပါ။
ကြိုးစားမှုနဲ့ စိတ်အားထက်သန်မှု ရှိပါစေ
Photo : Lost at Say
ညီအစ်ကိုတို့အနေနဲ့ ချမ်းသာကြွယ်ဝဖို့ ဖြစ်စေ၊ ဘယ်လိုအရာမျိုးကိုမဆို ရယူပိုင်ဆိုင်ချင်ရင်တော့ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှုလိုပါတယ်။ ကြိုးစားအားထုတ်မှုလို့ ဆိုတဲ့နေရာမှာ ကွီးတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယ အားလုံးကို ဟန်ချက်ညီညီ စိုက်ထုတ်ရပါမယ်။ ကိုယ်ရောက်နေတဲ့ နေရာမှာ အကောင်းဆုံးကြိုးစားလိုက်ပါ။ ကြိုးစားတဲ့ သူတိုင်းအတွက် လိုချင်တဲ့အရာကို ရယူပိုင်ဆိုင်ဖို့ လုံးဝမခက်ခဲပါဘူး။ နောက်တစ်ချက်ကတော့ ညီအစ်ကိုတို့အနေနဲ့ ကိုယ်လိုချင်တဲ့ အရာကို ရယူပိုင်ဆိုင်နိုင်ဖို့ စိတ်အားထက်သန်မှုကိုပါ ပေါင်းထည့်လိုက်ပါ။
ဒါဆိုရင်တော့ ကြီးပွားချမ်းသာမှုဆိုတာ ညီအစ်ကိုတို့ရဲ့ လမ်းတစ်ကမ်းမှာပါပဲ။
Featured Photo : Forbes