ဘယ်လိုအကြောင်းအရာမျိုးနဲ့ပဲ လမ်းခွဲပါစေ၊ လမ်းခွဲပြတ်စဲခြင်းတွေက ခက်ခဲပါတယ်။ အချို့သော လူများအတွက်တော့ အောင်အောင်မြင်မြင် ကျော်လွှားနိုင်ပေမယ့်လည်း အချို့သော လူများအတွက်ကတော့ ဒီလို ကြေကွဲဝမ်းနည်းမှုထဲမှာ နစ်မြှပ်နေတတ်ပါတယ်။ ဒီလို ကြေကွဲမှုထဲက ရုန်းမထွက်နိုင်ဘူးဆိုရင် တစ်နည်းအားဖြင့် Move On မလုပ်နိုင်ဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှု၊ ဝမ်းနည်းမှု၊ စိတ်ရှုပ်ထွေးမှုများနဲ့ ရှေ့ဆက်မလျှောက်နိုင်ဘဲ တစ်ဝဲလည်လည် ဖြစ်နေမှာပါ။ ဒါ့ကြောင့် ရှေ့ကိုဆက်လျှောက်ရမှာ ဖြစ်တဲ့အတွက် တစ်နည်းနည်းနဲ့တော့ ကုစားရပါမယ်။ ဒီဆောင်းပါးလေးမှာတော့ လမ်းခွဲပြတ်စဲထားတဲ့ ကြေကွဲလူငယ်တို့ အတွက် Move On နိုင်စေဖို့ နည်းလေးတွေ ကို ဝေမျှ‌ပေးချင်ပါတယ်။

ကိုယ့်ရဲ့ နာကျင့်မှုကို လက်ခံပြီး အသိအမှတ်ပြုလိုက်ပါ

ကြေကွဲလူငယ်တို့ Move On

Photo : Christian Vison for men

Relationship တစ်ခုကို ပြတ်စဲခဲ့ပြီး တစ်ခါတစ်ရံမှာ ပြင်းပြင်းထန်ထန် နာကျင်ခံစားရတတ်ပါတယ်။ လူသားတွေက ကိုယ်ကြုံတွေ့နေရတဲ့ လက်တွေ့ခံစားချက်တွေကို လက်မခံနိုင်တာကြောင့် ပိုပြီး နာကျင်ခံစားရတတ်ပြီး ထိုအထဲမှာပဲ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒီလို နာကျင်မှုက‌နေ Move On လုပ်နိုင်ဖို့ဆိုရင် ပထမဆုံးခြေလှမ်းကတော့ ဒီနာကျင်မှုကို အသိအမှတ်ပြု လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။ အနားယူလိုက်ပါ။ ဒီလို နာကျင်မှုကို လက်ခံလိုက်ခြင်းဖြင့် အရှိတရားကို နားလည်ပြီး ရှေ့ဆက်ဖို့နည်းလမ်းတွေ တွေ့မြင်လာနိုင်ပါတယ်။

အချိန်ယူပါ

ကြေကွဲလူငယ်တို့ Move On

Photo : Vocal Media

နာကျင်ကြေကွဲရတဲ့ ခံစားချက်တွေက လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် မပျောက်တတ်ပါဘူး။ ဒါ့ကြောင့် အချိန်တစ်ခု လိုပါတယ်။ ပြီးခဲ့တဲ့ Relationship ကို ပြန်လည်သုံးသပ်ကြည့်ပါ။ ဆက်ဆံရေး ဘာကြောင့်အဆုံးသတ်ရလဲဆိုတာကိုလည်း အပွင့်လင်းဆုံး လက်ခံဖို့ လိုပါတယ်။ ပြီးလျှင် ကိုယ်ရော စိတ်ပါ တတ်နိုင်သလောက် အနားယူပါ။ ကိုယ့်အတွက် ပြည့်ပြည့်ဝဝ အချိန်ပေးပါ။ အချိန်က ကွီးတို့ရဲ့ နာကျင်မှု တစ်စိတ်တစ်ပိုင်းကို ကုသပေးပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

ကြေကွဲလူငယ်တို့ Move On

Photo : Hannah Fielding

ကိုယ့်ကိုယ်ကိုယ် အလေးပေးပြီး ဂရုစိုက်ခြင်းကလည်း ကွီးတို့ခံစားနေရတဲ့ နာကျင်မှုကို လျော့ပါးသက်သာစေမဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ။ အိပ်ချိန်ကို ထိန်းညှိတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အာဟာရပြည့်ပြည့်ဝဝ စားသောက်တာ စတဲ့ မိမိကိုယ်ကို ဂရုစိုက်တဲ့ အချက်လေးတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို အထောက်အကူပြုပါတယ်။ စိတ်ပိုင်းဆိုင်ရာ အတွက်လည်း စာအုပ်ဖတ်တာ၊ တရားထိုင်တာ စတာလေးတွေ ပြုလုပ်ပေးပါ။

ချစ်ခင်ရသူများနဲ့ ဝန်းရံပါ

Photo : Young Minds

နာကျင်နေရတဲ့ ခံစားချက်တွေကနေ Move On လုပ်နိုင်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကိုယ့်ရဲ့ အနားမှာ ချစ်ခင်ရသူတွေ၊ မိသားစုတွေနဲ့ ဝန်းရံဖို့ပဲ ဖြစ်ပါတယ်။ မိမိတစ်ယောက်တည်း ဒီလို နာကျင်ခက်ခဲမှုကို ဖြတ်သန်းစရာမလိုပါဘူး။ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူတူ အချိန်ကုန်ဆုံးခြင်းက ကွီးတို့ ခက်ခဲတဲ့အချိန်မှာ နွေးထွေးသော နှစ်သိမ့်မှုကို ရရှိစေနိုင်ပြီး နာကျင်မှုကို ကျော်လွှားနိုင်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ ကွီးတို့အနေနဲ့လည်း ကိုယ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ဖို့ လိုပါတယ်။

အသစ်သော အရာတွေကို လေ့လာပါ

Photo : Medium

နာကျင်ကြေကွဲမှုကို ကုစားနိုင်မဲ့ ကုထုံးတစ်မျိုးကတော့ အာရုံပြောင်းလိုက်ခြင်းပါပဲ။ ကွီးတို့ ဝါသနာပါရာ သို့မဟုတ် အသစ်သော အရာတွေကို လေ့လာပါ။ ဥပမာအားဖြင့် လက်ဝှေ့ကို လေ့လာတာ၊ ပန်းချီဆွဲတာ၊ မြေအိုးပြုလုပ်တာ၊ ဘာသာစကားတစ်ခုခုကို လေ့လာတာ စတဲ့ကွီးတို့ ဝါသနာပါတဲ့ လှုပ်ရှားမှုတစ်ခုခုကို ပြုလုပ်ကြည့်ပါ။ ကွီးတို့အာရုံကို ဖမ်းစားထားနိုင်တဲ့ အရာတစ်ခုခုကို လုပ်နေခြင်းက ကြေကွဲဝမ်းနည်းမှုကို အထိုက်အလျောက် မေ့လျော့စေပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက ကြေကွဲလူငယ်တို့ Move On နိုင်စေဖို့ အထောက်အကူပြုတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ နာကျင်နေရတဲ့ နှလုံးသားလေးကို အထိုက်အလျောက် သက်သာစေမယ်လို့ ယုံကြည်ပါတယ်။

Featured Photo : Abide