အမြဲတမ်း ကြောက်ရွံ့ နေပြီး စိုးရိမ်ပူပန်နေတတ်ခြင်းသည် သင့်ရဲ့ ယုံကြည်ချက် တွေကို ကျဆင်းစေပြီး ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်စေကာ အောင်မြင်မှုပန်းတိုင်နဲ့ အလှမ်းဝေးသွားစေပါတယ်။ သင့်အနေနဲ့ ဘဝမှာ အောင်မြင်မှုအသီးအပွင့်များကို ခံစားရရှိချင်တယ်ဆိုရင် သင့်ရဲ့ဘဝမှာ ကြောက်ရွံ့ မှုကင်းကင်းနဲ့ နေထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိဖို့လိုအပ်ပါတယ်။

ဒီလိုမျိုး ကြောက်ရွံ့ ခြင်းကင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိအောင် ဘယ်လိုအချက်တွေက ကူညီပံ့ပိုးပေးနိုင်မလဲ၊ ဘယ်လိုအချက်တွေကို လိုက်နာကျင့်သုံးသင့်သလဲ။

လူသားများသည် မဖြစ်လာသေးတဲ့အရာကို ကြိုတင်တွေးတောပူပန်တတ်ကြပါတယ်။ တချို့ကျပြန်တော့လည်း ဘာမှ ကြိုတင်မတွေးတောကာ ဘဝကြီးကို ကြုံသလိုသာ ဖြတ်သန်းတတ်ကြပါတယ်။ ဘယ်အရာမှ တစ်ဖက်စွန်းရောက်တာက မကောင်းပါဘူး။ ဘာမှ ကြိုတင်စီစဉ်ထားခြင်းမရှိတဲ့အခါမှာလည်း ဘဝကြီးက တိုးတက်လာမှာမဟုတ်သလို အစိုးရိမ်လွန်ပြီး တွေးတောပူပန်တတ်ခြင်းကလည်း သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။

ဒါဆိုရင် အလယ်အလတ်လမ်းစဉ်ကို ဘယ်လိုကျင့်သုံးကြမလဲ။ အရာရာမှာ ကြောက်ရွံ့ ခြင်းကင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိအောင် ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းများကတော့ …

ဘဝမှာ ရည်မှန်းချက်ပန်းတိုင်တစ်ခု ထားရှိဖို့ အရေးကြီးပါတယ်

ကြောက်ရွံ့ ယုံကြည်ချက်

ရည်မှန်းချက် ပန်းတိုင် မရှိတဲ့ဘဝသည် ယောင်လည်လည်နှင့် ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ဘဝကြီးမှာ ရှင်သန်နေထိုင်ရတာ အဓိပ္ပာယ်မဲ့သလို ခံစားနေရပါလိမ့်မယ်။ ကိုယ့်ဘဝအတွက် ရည်မှန်းချက်ထားရှိဖို့ရန်အတွက်ဆိုရင် ကိုယ်က ဘာကို ဝါသနာပါသလဲ။ ကိုယ့်ရဲ့အားသန်ရာက ဘာဖြစ်မလဲ။ ဘယ်အလုပ်လုပ်ရတာကို ပျော်ရွှင်သလဲ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါလိမ့်မယ်။

ကိုယ် မနှစ်သက်တဲ့အရာကို လုပ်ကိုင်နေရခြင်းသည်လည်း သင့်ကို စိတ်မပျော်မရွှင်ဖြစ်စေပြီး ကြာလာတဲ့အခါမှာလည်း ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်တွေ ကျဆင်းလာကာ ကိုယ့်ရဲ့ Confidence Level ကို ကျဆင်းသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ပိုက်ဆံရ ပြီးရောဆိုတာထက် ကိုယ် လုပ်ရတာ ပျော်ရွှင်တဲ့အလုပ်မျိုးကိုသာ ပြုလုပ်သင့်ပါတယ်။

ထိုအလုပ်ကို အစပြုလိုက်တဲ့အခါမှာလည်း ဆုံးခန်းတိုင်အောင် လျှောက်လှမ်းဖို့သည်လည်း အရေးကြီးပါတယ်။ လမ်းတစ်ဝက်မှာတင် လက်မြှောက်အရှုံးပေးလိုက်ချင်တဲ့စိတ်ပေါ်လာတဲ့အခါ သင် ဘာ့ကြောင့် အစပြုခဲ့သလဲဆိုတာကို သတိရလိုက်ပါ။ ထို့နောက် စိတ်ကို ခဏတဖြုတ်အနားပေးကာ ခေါင်းအေးအေးထားပြီး စဉ်းစားပါ။ အခက်အခဲတွေကတော့ တစ်ကွေ့မဟုတ် တစ်ကွေ့တော့ ကြုံတွေ့ရမှာပါပဲ။ ထိုအခက်အခဲများ ကြုံတွေ့ရတိုင်း အရှုံးပေးလိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အောင်မြင်တဲ့သူဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ ကိုယ်စွမ်းရှိသလောက် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းကာ ဘဝတိုက်ပွဲကို အနိုင်ယူလိုက်ပါ။

ငြင်းပယ်ခံရမှုကိုလည်း လက်ခံပါ

ကြောက်ရွံ့ ယုံကြည်ချက်

တစ်ခါတစ်ရံမှာ ငြင်းပယ်ခံရခြင်းတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။ Walt Disney ၊ JK Rowling စတဲ့ အောင်မြင်တဲ့သူတွေကို ကြည့်လိုက်ပါ။ သူတို့သည်လည်း အောင်မြင်မှု မရရှိခင်မှာ အနည်းဆုံး တစ်ကြိမ်တစ်ခါလောက်တော့ ငြင်းပယ်ခံခဲ့ရပါတယ်။

Walt Disney ဆိုလျှင် သူ့ရဲ့အယ်ဒီတာက သူ့မှာ သစ်လွင်ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းများ မရှိတဲ့အတွက်ကြောင့်ဆိုတဲ့ အကြောင်းပြချက်ဖြင့် အလုပ်ထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။

ဟယ်ရီပေါ်တာ စာရေးဆရာမ JK Rowling ဆိုလျှင်လည်း လန်ဒန်ရုံးမှာ အလုပ်လုပ်နေစဉ်မှာပဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ(မ)သည် သူ(မ) ကွန်ပျူတာဖြင့် တစ်နေကုန်ထိုင်ကာ ဝတ္ထုတွေ ထိုင်ရေးနေလို့ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပဲဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ သင်သည်လည်း ယုတ္တိမတန်တဲ့အကြောင်းပြချက်များကြောင့် ငြင်းပယ်ခံရနိုင်ပါတယ်။ ဒါသည် သင် မတော်လို့၊ အရည်အချင်းမရှိလို့ မဟုတ်ပါဘူး။ ထို့ထက်သာလွန်ကောင်းမွန်တဲ့အရာတစ်ခုခုက သင့်ကို စောင့်ကြိုနေတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာရတယ်လို့သာ မှတ်ယူလိုက်ပါ။

ပျော်ပျော်ရွှင်ရွှင်သာ နေထိုင်ပါ

ကြောက်ရွံ့ ယုံကြည်ချက်

မဖြစ်လာသေးတဲ့အရာတွေကို တွေးပူနေပြီး အရာရာတိုင်းကို ကြောက်ရွံ့ ကာ ကိုယ့်ရဲ့ ယုံကြည်ချက် တွေကို ဘာ့ကြောင့် စတေးပစ်နေမှာလဲ။ ဘဝကြီးမှာ ပျော်ပျော်ရွှင်ရွှင်သာ နေထိုင်လိုက်ပါ။ ပျော်ရွှင်တဲ့စိတ်အလျဉ်နဲ့ဆိုရင် အလုပ်လုပ်ရတာသည် ပိုမိုခရီးရောက်ပြီး သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်းသည်လည်း ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။

ဟိုအလုပ်က Deadline မမှီရင် ဘယ်လိုလုပ်မလဲ။ ဒီအလုပ်က အမှားတစ်စုံတစ်ခု ပြုလုပ်မိရင် ဘယ်လိုလုပ်မလဲ စသည်ဖြင့် တွေးပူမနေပါနဲ့။ Deadline မမှီမှာစိုးရင် အခုကတည်းက ကြိုလုပ်လိုက်ပါ။ လူတိုင်းက အမှားလုပ်မိကြတဲ့သူတွေချည်းပါပဲ။ ထိုအမှားကြောင့် သင့်ဘဝကြီးက သေဆုံးမသွားပါဘူး။ အမှားလုပ်မိတဲ့အခါ အမှန်ပြန်ပြင်ဖို့ ကြိုးစားလိုက်ပါ။ အမှားတစ်ကြိမ်တစ်ခါ ပြုလုပ်မိလိုက်ရုံနဲ့ ဒါသည် ကမ္ဘာကြီးရဲ့ အဆုံးသတ်ဖြစ်မသွားပါဘူး။ သိသိလျက်နှင့် ပြုလုပ်မိတဲ့ အမှားမျိုးတော့ မဖြစ်ရဘူးပေါ့။

ကောင်းတဲ့အမှတ်တရများ၊ အတွေ့အကြုံများကို ပြန်ပြောင်းသတိရပါ

man brainstorming

လူသားတွေသည် ဘယ်အချိန်မှာ အမှတ်တရကောင်းတွေကို ဖန်တီးလေ့ရှိတယ်လို့ ထင်ပါသလဲ။ သူတို့ ကြောက်ရွံ့  ခြင်း ကင်းမဲ့နေချိန်၊ မိမိကိုယ်ကိုယ် ယုံကြည်ချက် ရှိနေချိန်တွေမျာ အမှတ်တရကောင်းတွေကို ပိုမိုဖန်တီးနိုင်ကြပါတယ်။ ဘယ်အရာကိုမှ အရဲစွန့်နေစရာမလိုအပ်ပါဘူး။ ဘဝကို အချိန်မှန်ရထားကို ဖြည်းဖြည်းမှန်မှန်ခုတ်မောင်းသွားပြီး ကိုယ့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကို နေ့စဉ်ပြုလုပ်ပေးလိုက်ရုံပါပဲ။ ဘာမှ စိုးရိမ်ပူပန်မနေပါနဲ့။ စိုးရိမ်ပူပန်နေခြင်းသည် သင့်ကို တစ်ပမ်းရှုံးစေပါတယ်။

ဒီအချက်များကို ကျင့်သုံးခြင်းအားဖြင့် သင်သည် သင့်ရဲ့ဘဝမှာ ကြောက်ရွံ့ ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ ကင်းဝေးကာ မိမိကိုယ်ကိုယ် ယုံကြည်ချက် ရှိရှိဖြင့် ဘဝကို လျှောက်လှမ်းနိုင်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတဲ့အခါ အောင်မြင်မှုက သင့်အတွက်ပါပဲ။

Source: Gentwenty

Featured Image: Mentordiscoverinspire